DVB Logo
Home
မြန်မာသတင်း
ထီးလင်းနှင့် ရေစကြိုတွင် တိုက်ပွဲဖြစ်၊ ဂန့်ဂေါတွင် ပြည်သူ့နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
June 16, 2022
ထီးလင်းနှင့် ရေစကြိုတွင် တိုက်ပွဲဖြစ်၊ ဂန့်ဂေါတွင် ပြည်သူ့နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေအောင်သာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ အောင်းရွာဘက်ကို ထွက်ခွာလာစဉ်   ဇွန် ၁၆ ရက် ဒီနေ့မနက်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ YDF ထီးလင်းတပ်ဖွဲ့က ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အများအပြားရှိနိုင်ပေမဲ့ ကျဆုံးတဲ့အရေအတွက်ကိုတော့ အတိအကျ မသိခဲ့ရဘူးလို့ ဆိုပါတယ်။

YDF ထီးလင်းတပ်ဖွဲ့ တာဝန်ခံ သခင်ဇော်က "ရွှေအောင်သာရွာကနေ အောင်းရွာဘက်ကို သူတို့က ရိက္ခာလာသယ်ဖို့ ထွက်ခွာလာတာမှာ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်ကြတာ။ သူတို့ဘက် ထိခိုက်‌ကျဆုံးမှုတော့ ရှိနိုင်တယ်။ ဒါပေမဲ့ အတည်ပြုလို့တော့ မရခဲ့ဘူး။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှုမရှိဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွှေအောင်သာရွာမှာ တပ်စွဲနေထိုင်စဉ်ကတည်းကစပြီး အောင်းရွာက ဒေသခံတွေဟာ ကျေးရွာတွင်းမှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထီးလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ခရီးသွားယာဉ်မောင်းတွေနဲ့ မိဘပြည်သူတွေအနေနဲ့ ဂန့်ဂေါ-ကျောလမ်းပိုင်းကို အသုံးမပြုဖို့လည်း YDF ထီးလင်းက သတိပေး ထုတ်ပြန်ထားပါတယ်။

ခရီးသွားလာတဲ့အတွက် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူ ဖြေရှင်းသွားမှာမဟုတ်ဘူးလို့လည်း YDF ထီးလင်းက အသိပေးထားပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာလည်း ဇွန် ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ ၈ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း(၂) တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ဒီဗွီဘီကို ပြောပါတယ်။

“ရေစကြိုမြို့နယ်ထဲက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဒုက္ခပေးနေတဲ့ စစ်(...)စစ်ကြောင်းကို ဇွန်လ ၁၅ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ ရေစကြို-PDF၊ KNT-ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်တွေပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ အဲဒီနောက်မှာ မိုင်းကွင်းစောင့်နေတဲ့ ကျနော်တို့ ရဲဘော်တွေနဲ့ စစ်(...)တွေ အနီးကပ်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်(...)တွေဘက်က ၅ ယောက်သေဆုံးပြီး ၈ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။”

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ပေမဲ့ ပြည်သူလူထုပို့သတဲ့ မေတ္တာကြောင့် ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်ကရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်မှာ ဇွန် ၁၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်သားတွေကို ရေစကြို-PDF တပ်ရင်း-၂ က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို PDF တပ်ရင်းမှူးက ပြောဆိုထားပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့သေးပါဘူး။

ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာရှိ နေအိမ်တွေကို ကျေးရွာတွင်းကရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဇွန် ၁၄ ရက် မနက်ပိုင်းကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ရွာသားတယောက်က ပြောပါတယ်။

"တောထဲ‌မှာ ပြေးနေကြရတယ်။ ရွာကို တခါမှ မီးမရှို့ဖူးဘူး။ နေအိမ်နှစ်လုံး မီးရှို့ခံရတယ်လို့တော့ ကြားတယ်။ သေချာမသိရဘူး။ အဝေးကနေ မီးခိုးတွေပဲ လှမ်းမြင်ရတယ်။ အိမ်တွင်းပစ္စည်းတွေကိုလည်း သူတို့ ယူချင်သလို ယူနေကြတယ်။"

ကန်ကျေးရွာမှာ အိမ်ခြေ ၂,၀၀၀‌ ဝန်းကျင်ရှိပြီး ဒေသခံ ၁၀၀၀၀ လောက်  ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ဂန့်ဂေါနယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၁၁ လဝန်းကျင် ရှိနေပြီဖြစ်ပြီး ဂန့်ဂေါနယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

လတ်‌တလော ဂန့်ဂေါနယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ရိုက်ထိတွေ့တာတွေ မပြုကြဖို့နဲ့ ဘေးလွတ်ရာဒေသတွေမှာ ဂရုစိုက်နေထိုင်ကြဖို့လည်း ယောပြည်သူ့ကာကွယ်ရေးတာဝန်ခံတွေက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013