DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင်းတိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး‌ကျဆုံး
DVB
·
June 16, 2022
ကလေးမြို့တွင်းတိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး‌ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဇွန် ၁၅ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန် ၁၃ ရက်က တာဟန်းဘောလုံးကွင်းကို အင်အားအများအပြားနဲ့ တပ်စွဲဖို့ ရောက်လာတာကြောင့် သွားရောက်ပစ်ခတ်ခဲ့ကြတာလို့ ချင်းပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (CNDF) က ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ တပ်သား ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ CNDF က သတင်းထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ အဆိုပါ တာဟန်းရပ်ကွက်အတွင်း လျှပ်စစ်မီတာခကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၂ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CNDF  သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုတိုက်ပွဲတွေအတွင်း CNDF နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လတ်တလော တာဟန်းရပ်ကွက်ဘက်မှာ မြို့တွင်းပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွား‌နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေ အသက်ဆုံးရှုံးရကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဇွန် ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် The Methodist ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်တလုံးပေါ် ကျရောက်ကာ အိမ်တွင်းပစ္စည်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရပ်ကွက်နေ ‌အမျိုးသမီးတဦးက "တိုက်ပွဲက အခုတလော ခပ်စိတ်စိတ်ဖြစ်နေတာ။ အိမ်ရဲ့ အလုံခြုံဆုံးလို့ထင်ရတဲ့ နေရာတွေမှာ ဝပ်နေကြရတာ။ တချို့ဆို နေအိမ်တွေမှာ မနေကြတော့ဘဲ ‌တိမ်းရှောင်နေကြတော့တာ။ လက်နက်ကြီးတွေလည်း ခဏခဏကျပြီး အိမ်တွေလည်းပျက်စီး၊ လူတွေလည်း အသက်ဆုံးရှုံးရတယ်။ ကိုယ့်အိမ်နဲ့ကိုယ်တောင် မလုံခြုံတော့ဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

လတ်တလော ကလေးမြို့ပေါ် တာဟန်းရပ်ကွက်မှာ စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် မြို့ခံပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013