DVB Logo
Home
မြန်မာသတင်း
လောင်းလုံးက Non CDM ကျောင်းဆရာ ဆရာမအချို့ သတိပေးခံရ
DVB
·
June 16, 2022
လောင်းလုံးက Non CDM ကျောင်းဆရာ ဆရာမအချို့ သတိပေးခံရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းက Non CDM အခြေခံပညာ ကျောင်းဆရာ ဆရာမတချို့ကို ကျောင်းဖွင့်ရာသီဖြစ်တဲ့ အခုဇွန်လ အစောပိုင်းမှာ ခြိမ်းခြောက်သတိပေးစာ ပေးပို့ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန် ၁၄ ရက်မှာ ထုတ်ြပန်ပါတယ်။

စစ်ကောင်စီက စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် CDM ကျောင်းဆရာ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေကို ဖိအားပေး ခြိမ်းခြောက်နေတဲ့ Non CDM ကျောင်းဆရာ ဆရာမ လေးဦးကို သတိပေးစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

သတိပေးစာတွေကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျည်ဆန်တ‌တောင့်နဲ့အတူ ပေးပို့ခဲ့တာဖြစ်ပြီး စာထဲမှာတော့ Non CDM ကျောင်းဆရာ ဆရာမတွေအနေနဲ့ စစ်ကျွန်ပညာရေးအတွက် အလိုတူအလိုပါ လိုက်ပါဆောင်ရွက်နေတာတွေကို ရပ်တန်းကရပ်ဖို့နဲ့ သတိပေးမှုကို မလိုက်နာပါက စစ်ရေးအရ ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။

သတိပေးစာပေးခံရတဲ့ ကျောင်းဆရာမတဦးကတော့ ကျောင်းသားတွေကို ကျောင်းတက်ရောက်ဖို့ တိုက်တွန်းပြောဆိုတာမျိုး မရှိခဲ့သလို CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘတွေကိုလည်း ဖိအားပေး ခြိမ်းခြောက်တာမျိုး တခါမှမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

"အဖွဲ့အစည်းတခုအနေနဲ့ သေချာမစုံစမ်းဘဲ အခုလိုမျိုး အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အထိ လုပ်တာမျိုးကတော့ လုံးဝမဖြစ်သင့်ဘူး။ Non CDM လုပ်တယ်ဆိုတာကလည်း ပျော်လွန်းလို့ လုပ်နေတာမဟုတ်ဘူး။ CDM လုပ်ရင် ကလေးသုံးယောက် ထမင်းငတ်မှာမို့လို့သာ လုပ်ချင်ရက်သားနဲ့ မလုပ်ရတာ၊ ကိုယ်တယောက်တည်း ငတ်တာက ပြသနာမရှိဘူး။"

ကလေးသုံးယောက်မိခင်ဖြစ်တဲ့ အဲဒီကျောင်းဆရာမဟာ မိသားစုစီးပွားရေး အဆင်မပြေလို့သာ CDM မလုပ်တာဖြစ်ပြီး CDM ဝန်ထမ်းတွေ၊ ကျောင်းသားမိဘတွေကို ဖိအားပေးခြိမ်းခြောက်တာမျိုး မရှိသလို CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ ဆရာမတွေနဲ့လည်း ဒီနေ့အထိ ရင်းရင်းနှီးနှီး ဆက်ဆံမှုရှိတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာမှာလည်း ဇွန် ၁၂ ရက်၊ ညနေ ၅ နာရီခွဲခန့်က ထားဝယ်တက္ကသိုလ် မြန်မာစာဌာန ကထိက ဒေါက်တာဝင်းဗိုလ်နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်/ကျေးစာရေးမ ဒေါ်မြမြမိုးတို့နှစ်ဦး စစ်ကောင်စီသတင်းပေး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

အခုလိုမျိုး အသက်အန္တရာယ် ခြိမ်းခြောက်သတိပေးစာ ပေးပို့ခဲ့တဲ့အပေါ် ဒေသအတွင်းရှိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013