
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မန္တလေးတိုင်း၊ စဉ့်ကူးဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းကို အောင်ပွဲရရှေ့တန်းပြန်တပ်သားတွေအဖြစ် ပုံဖော်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကို မကြိုမနေရ ဖိအားပေး ကြိုဆိုခိုင်းခဲ့တယ်လို့ ဝန်ထမ်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၂၂ ရက် ညနေပိုင်းက စဉ့်ကူးမြို့ကနေထွက်လာတဲ့ ကားအကြီး ၅ စီး၊ အသေး ၁ စီး၊ စုစုပေါင်း ၆ စီးနဲ့ အင်အား ၂၀၀ ကျော်ပါတဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကြောင်းဟာ ကျောက်မြောင်းမြို့ ခလရ-၁၂ တပ်နဲ့ ကော့ရွာစစ်တပ်အထိုင်စခန်းမှာ ညအိပ်ရပ်နားခဲ့ကြပြီး ဇူလိုင် ၂၄ ရက် ညနေပိုင်းမှာ ရွှေဘိုမြို့၊ အမှတ် ၈ လေ့ကျင့်ရေးတပ်တွင်းကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်း ကျောက်မြောင်း ခလရ-၁၂ တပ်ကနေ ရွှေဘိုလေ့ကျင့်ရေးတပ်ဘက်ကို ဝင်ရောက်လာတုန်း လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို ရွှေဘိုလေ့ကျင့်ရေးတပ်ဘက်က ဆူဆိုက်ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ကာကွယ်ပစ်ခတ်ပေးခဲ့ကြသလို စစ်ကြောင်းကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံကျေးရွာ ၇ ရွာထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အခုလို ဒရုန်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်လာတဲ့ စစ်ကြောင်းကိုမှ အောင်ပွဲရရှေ့တန်းပြန်တွေအဖြစ် အတင်းအကျပ် ကြိုဆိုခိုင်းခဲ့တာလို့လည်း ကြိုဆိုရေးမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“မနက်ဖြန် စစ်ကြောင်းကြိုရမယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သတ်မှတ်နေရာအရောက် ပျက်ကွက်ရင် မိမိတာဝန်လို့ ပြောတယ်။ ဘယ်အချိန်လာမယ်လို့ အတိအကျမပြောဘဲ လာတဲ့အချိန် ကြိုရမှာဆိုတော့ ကိုယ့်ဘက်က အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့ပဲ ပြောပါတယ်။ ပျက်ကွက်ရင် မိမိတာဝန်ဆိုလို့ မနက်ကတည်းက တနေကုန်ထိုင်စောင့်ပြီး ကြိုခဲ့ရပါတယ်” လို့ ပြောပါတယ်။
ရွှေဘိုမြို့၊ အမှတ် ၈ လေ့ကျင့်ရေးတပ်ကို ပြန်လည်ဝင်ရောက်လာတဲ့ အဲဒီစစ်ကြောင်းဟာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို စစ်ကြောင်းထိုးခဲ့တဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်း ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်း ပြန်လည်ခေါက်လာတဲ့ လမ်းတလျှောက်မှာရှိတဲ့ တအုံ၊ အုန်းပေါက်၊ ဆင်းကွတ်၊ တရော်တော၊ ပိတ္တော၊ ဘိုတော်တောနဲ့ မြို့သစ်ရွာ စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးဘဲ စစ်ဘေးရှောင်နေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကျေးရွာတွေထဲကို ဒရုန်းနဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပေမဲ့ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အသေးစိတ် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။











