
စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်က ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ ပုံရိပ်ကို ထိခိုက်စေနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေကို ထိုင်းအစိုးရက ပယ်ချလိုက်ပြီး ဒါက ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မြန်မာနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ လိုအပ်လို့ ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ထနာဒီးရက်ခ်က ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက်ကူညီ ဆောင်ရွက်ပေးရင်း အာဆီယံအဖွဲ့ အတွင်း မြန်မာနိုင်ငံရဲ့အခန်းကဏ္ဍကို တဖြည်းဖြည်း ပြန်လည် မြှင့်တင်ပေး ချင်တယ်လို့ ပြောလိုက်တာပါ။
"မြန်မာနိုင်ငံသာ ငြိမ်းချမ်းရင် ထိုင်းနယ်စပ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေလည်း အကျိုးကျေးဇူး ခံစားရမှာပါ" လို့ သူက ပြောလိုက်သလို အိမ်နီးချင်း နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ဖို့အတွက် ခေါင်းဆောင်တွေအကြား တိုက်ရိုက် ဆွေးနွေးပြောဆိုဖို့ လိုအပ်တယ်လို့ ထပ်လောင်း ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရာကူးလ်က မြန်မာစစ်ခေါင်းဆောင်ကို အခု ဩဂုတ်လဆန်း ပိုင်းမှာ ဘန်ကောက်မြို့မှာ ကျင်းပဖို့ရှိတဲ့ BIMSTEC ထိပ်သီးအစည်းအဝေး မတိုင်မီ တရားဝင် လာရောက်လည်ပတ်ဖို့ ဖိတ်ကြားထားတာပါ။
ဒီတွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ၊ တောမီးရှို့မှုတွေနဲ့ မြစ်ရေထု ညစ်ညမ်းမှုတွေ အပါအဝင် နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်အမြောက်အမြားကို ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ရာချာဒါက ပြောပါတယ်။
ဒါ့အပြင် သူက မြန်မာနိုင်ငံကို အာဆီယံနဲ့ ပိုမိုနီးကပ်စွာ ပြန်လည်ထိတွေ့ဆက်ဆံ နိုင်အောင် ကူညီပေးခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုတွေအတွက် မြန်မာဘက်က ကျေးဇူးတင်စကား ပြောကြား ခဲ့တယ်လို့လည်း ဆိုပါတယ်။
နယ်စပ်တဖက်ခြမ်းကနေ စတင်ဖြစ်ပေါ်လာတဲ့ ရေထုညစ်ညမ်းမှု ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘက်က ထောက်ပြပြောဆိုခဲ့တဲ့ စိုးရိမ်မှုတွေကို မြန်မာဘက်က လက်ခံအသိအမှတ်ပြုခဲ့သလို တောမီးရှို့မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ကိုလည်း ထိုင်းနိုင်ငံဆီ တောင်းခံခဲ့တယ်လို့လည်း ပြောပါတယ်။
သတင်းမီဒီယာတွေက မင်းအောင်လှိုင်ရဲ့ နိုင်ငံတကာ ပုံရိပ်ကြောင့် အခုလို လက်ခံ တွေ့ဆုံတာဟာ ထိုင်းအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်နိုင်ပါသလားလို့ မေးမြန်းရာမှာတော့ ရာချာဒါက ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်မှု မရှိဘူးလို့ ပြောထားပါတယ်။
"မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း မဟုတ်တဲ့ နိုင်ငံတွေအနေနဲ့ ကျမတို့ အတူတကွ ယှဉ်တွဲ နေထိုင်ကြရ တယ်ဆိုတာကို နားမလည်နိုင်ကြပါဘူး။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်ရေး ပြန်လည် ရရှိလာရင် ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေလည်း အကျိုးကျေးဇူး ရရှိမှာပါ။ ကျမတို့ဟာ တယောက် နဲ့တယောက် ကူညီကြရမှာ ဖြစ်ပြီး မိတ်ပျက် ဖယ်ကြဉ်ထားလို့ မရပါဘူး။"
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ မြန်မာ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ လာအိုနိုင်ငံတွေဆီ သွားရောက်ခဲ့ပြီးနောက် လာမဲ့ ဩဂုတ်လဆန်းမှာ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ရှိနေတာပါ။
Source: Khaosod










