စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့ဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက ဇွန် ၁၅ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဟာ မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်မှာဖြစ်ပြီး ပုလဲမြို့ဘက်ကနေ ယင်းမာပင်မြို့ဘက်ကို ရှေ့ပြေးအဖြစ်ထွက်ခွာလာတဲ့ စစ်ကောင်စီ ခြေလျင်တပ်ဖွဲ့ကို ပုလဲမြို့နယ် အလယ်ဘုံကျေးရွာနဲ့ လက်တောင်းကျေးရွာကြားတနေရာမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ စစ်ကောင်စီဘက်မှာ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဟာ ဒေါင်းမင်း PDF မြေပြန့်ကျားတပ်ခွဲ၊ ယင်းမာပင် ဗိုလ်သံမဏိလက်အောက်ခံ (YMB PDF တပ်ခွဲ ၂ )၊ PRA တပ်ရင်း(၁)နှင့် ဒေါင်းနက် PDF အဖွဲ့တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး ကျဆုံးခဲ့မှုကိုမျက်မြင်တွေ့ရှိခဲ့ရကြောင်းနဲ့ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အချိန်အတော်ကြာအောင် ပစ်ခတ်ခဲ့တယ်လို့ ဒေါင်းမင်း PDF ခေါင်းဆောင် ဗိုလ်စက္ကက ပြောပါတယ်။
မိုင်းဆွဲခံခဲ့ရတဲ့ ရှေ့ပြေးစစ်ကောင်စီခြေလျင်တပ်ဖွဲ့ဟာ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ယင်းမာပင်မြို့တွင်းကို ရောက်ရှိလာခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။