DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ မီးရှို့သတ်ဖြတ်ခဲ့သည့် သူနာပြုဆရာမအတွက် မန္တလေးကျန်းမာရေးမိသားစုက ဝမ်းနည်းကြောင်း ထုတ်ပြန်
DVB
·
June 15, 2022
စစ်ကောင်စီ မီးရှို့သတ်ဖြတ်ခဲ့သည့် သူနာပြုဆရာမအတွက် မန္တလေးကျန်းမာရေးမိသားစုက ဝမ်းနည်းကြောင်း ထုတ်ပြန်
Donate to DVB

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်တာခံခဲ့ရတဲ့ အထက်တန်းသူနာပြုဆရာမ မဇာလီနိုင်အတွက် ကျန်းမာရေးမိသားစု မန္တလေး (Medical Family Mandalay–MFM) အနေနဲ့ အထူးဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။

မဇာလီနိုင်ဟာ သူနာပြုတက္ကသိုလ်-မန္တလေး၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) ကျောင်းသူတယောက်လည်းဖြစ်ပြီး ဇွန် ၁၀ ရက်က ရေစကြိုမြို့နယ်၊ ဒါန်းပင်ကန်ကျေးရွာနဲ့ တဲကြီးကျေးရွာအကြားမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုကြောင့် ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ သူနာပြုဆရာမ မဇာလီနိုင်ဟာ အကြမ်းဖက်စစ်အာဏာရှင်တွေကို ရဲဝံ့စွာ တော်လှန်ရင်း အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အတွက် အစွမ်းကုန်ပေးဆပ်ပြီးတော့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့တဲ့အတွက်လည်း အမြဲထာဝရ အောက်မေ့ဂုဏ်ယူကာ ပြည်သူ့သူရဲကောင်း အာဇာနည်တဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်း ကျန်းမာရေးမိသားစု မန္တလေး (Medical Family Mandalay–MFM) က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားတဲ့ကာလဟာ ၁၆ လကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေသလို တောရောမြို့ပါမကျန် စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့တွေက အပြစ်မဲ့ပြည်သူတွေကို အဓမ္မဖမ်းဆီး သတ်ဖြတ်တာတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေပါမချန် ပစ်ခတ်သတ်ဖြတ်တာတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ ကြက်ခြေနီတပ်ဖွဲ့တွေ၊ ကုလအေဂျင်စီဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုနဲ့ စေတနာ့ဝန်ထမ်းတွေကိုပါ ပစ်ခတ်သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်တဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာ တောင်းဆိုနေတဲ့ကြားက စစ်ကောင်စီတပ်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်တာတွေလည်း ရှိနေသလို လတ်တလောအချိန်ထိ ကျန်းမာရေးဝန်ထမ်း အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းထားတဲ့ ၁ နှစ်ကျော်ကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတဆေးခန်းတွေ အကြိမ် ၄၀၀ ကျော် တိုက်ခိုက်ခံခဲ့ရတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူပေးဖို့လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၄၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၁၁၀ ယောက်ထိ ရှိလာခဲ့ပြီလို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013