DVB Logo
Home
Lead Story
ပူတင် ကြိုးဆွဲရာ ကနေတဲ့ မြန်မာစစ်အာဏာရှင်
DVB
·
June 15, 2022
ပူတင် ကြိုးဆွဲရာ ကနေတဲ့ မြန်မာစစ်အာဏာရှင်
Donate to DVB

ယူကရိန်းစစ်ပွဲရဲ့ အရိပ်ကြောင့် မြန်မာ့အရေးဟာ မှေးမှိန်သလို ဖြစ်နေခဲ့ပေမယ့် ဒီတပတ်အတွင်းမှာ ကြေညာလိုက်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်မယ်ဆိုတဲ့ သတင်းကတော့ဖြင့် နိုင်ငံတကာအသိုက်အဝန်းတွေက သတိပြုမိပြီး ဆန့်ကျင်ဝေဖန်မှုတွေ ဆောင်ရွက်သွားရမယ့်ကိစ္စပဲ ဖြစ်ပါတယ်။

ကွပ်မျက်မယ့် လေးဦးစာရင်းမှာ ၈၈ အရေးအခင်းမှာ ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ပါဝင်တော်လှန်ခဲ့သူ ကိုဂျင်မီလို့ လူသိများတဲ့ ဦးကျော်မင်းယုနဲ့ ၂၀၁၅ ခုနှစ်မှာ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသူ နာမည်ကြီး ရက်ပ်အဆိုတော် တဖြစ်လဲ ကိုဖြိုးဇေယျာသော်တို့လည်း ပါဝင်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရားစီရင်ရေးအာဏာ အပါအဝင် နိုင်ငံရဲ့အာဏာအရပ်ရပ်ကို လုယူထားတာကြောင့် အခုချမှတ်တဲ့ ပြစ်ဒဏ်တွေဟာ စစ်ဘက်ဆိုင်ရာ ကွပ်မျက်မှုပဲ ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ပြီးခဲ့တဲ့တနှစ်အတွင်းမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းခြင်းနဲ့ အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းတို့ဖြင့် အရပ်သား ၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီဟာ ဒီတကြိမ်မှာတော့ တရားစီရင်ရေးအာဏာကို အသုံးပြုပြီး နှစ် ၃၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ပေး ကွပ်မျက်မှာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ ပြည်သူ့ဆန္ဒမဲနဲ့ ဒီမိုကရေစီကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို ဖယ်ရှားကာ အာဏာလုယူလိုက်ပြီးနောက် ပြည်သူအများစုအပေါ်မှာ စိတ်ရှိတိုင်း ထိန်းချုပ်လို့ မရနိုင်သေးတဲ့ စိတ်ကြီးဝင် အာဏာရှင်စစ်ကောင်စီရဲ့ ကယောင်ကတမ်း ဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေနဲ့ မျှော်လင့်ချက် အလွန်နည်းပါးတဲ့ကြားကပဲ မြန်မာနိုင်ငံသားတွေဟာ လက်နက်အင်အားသာလွန်တဲ့ ရုရှားကို ခုခံတိုက်ခိုက်နေကြတဲ့ ယူကရိန်းနိုင်ငံသားတွေလိုပဲ မယုံကြည်နိုင်လောက်အောင် ခမ်းနားတဲ့သတ္တိနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကြံ့ကြံ့ခံ တွန်းလှန်တိုက်ခိုက်နေခဲ့ကြပါတယ်။

ယူကရိန်းမှာလိုပဲ ကိုယ့်နိုင်ငံအတွက် အသက်ပေး တော်လှန်လိုတဲ့ လူငယ်တွေ ဦးဆောင်ပြီး စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တ ယိုယွင်းပျက်စီးနေတဲ့ ဗမာစစ်တပ်တွေကို တိုက်ခိုက်နေကြပါတယ်။ ဗမာစစ်တပ်မှာ အငယ်တန်းအဆင့်တွေသာမက အကြီးတန်းအရာရှိတွေကပါ စွန့်ခွာထွက်ပြေးတာတွေ ရှိနေပါတယ်။

စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ အတိုက်အခံ ဆန့်ကျင်သူတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာ ဖြစ်တယ်လို့လည်း သူတို့ရဲ့ စစ်တပ်နေ့ အခမ်းအနားမိန့်ခွန်းမှာ မင်းအောင်လှိုင်က ပြောကြားသွားခဲ့ပါတယ်။ အခုကွပ်မျက်မယ့် အစီအစဉ်ဟာလည်း ရွေးကောက်ခံအမတ်တွေ အပါအဝင် လူထုမထောက်ခံတဲ့ သူတို့ရဲ့ တရားမဝင်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတွေ အားလုံးဟာ သေဒဏ်ပေးခံရနိုင်တယ်ဆိုတဲ့ ကြောက်မက်ဖွယ်ရာနိမိတ်ကို ဆောင်နေပါတယ်။

ဗစ်တိုးရီးယားတက္ကသိုလ်မှာ ပညာသင်ကြားနေပြီး UnionAID ရဲ့ မြန်မာလူငယ် ခေါင်းဆောင်များ ပရိုဂရမ်မှာ ပါဝင်တဲ့ လူငယ်နှစ်ဦးဟာလည်း အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီထဲကတဦးကတော့ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ စာတန်းရေးထိုးထားတဲ့ အင်္ကျီကိုဝတ်ဆင်မှုနဲ့ ၈ လကြာ ထိန်းသိမ်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ကျန်တဦးကတော့ ပိုပြီးပြင်းထန်ကျယ်ပြန့်တဲ့ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ သူ့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်နေရပါတယ်။

ပြည်သူလူထုတွေကို ကာကွယ်ရမယ့်အစား စစ်ခင်းနေတဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တရားဥပဒေလည်း ဆိတ်သုဉ်းခဲ့ပြီ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း မြန်မာနိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့ ခံစားနေရပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်အဖွဲ့ဝင်တွေဟာ လိင်အကြမ်းဖက်မှု အပါအဝင် လုယက်ဓားပြတိုက်မှု၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကို စိတ်ထင်တိုင်း ကျူးလွန်နေပါတယ်။

ဖမ်းဆီးသွားပြီး နောက်တရက်မှာ မိသားစုဝင်တွေဆီကို နှိပ်စက်ခံရကာ သေဆုံးခဲ့တဲ့ ပုံပျက်ပန်းပျက် အလောင်းပြန်ပို့တဲ့ ဖြစ်ရပ်တွေအကြောင်း သတင်းအထောက်အထားတွေ ရှိနေပြီး တချို့ဖြစ်ရပ်တွေမှာ ကိုယ်တွင်းကလီစာတွေ ဖယ်ရှားခံထားရတာကို တွေ့ရပါတယ်။ ရာနဲ့ချီတဲ့ ရွာပေါင်းများစွာ ဖျက်ဆီးခံခဲ့ရပြီး သိန်းပေါင်းများစွာသော ပြည်သူလူထုတွေ အိမ်ရာမဲ့ ဖြစ်ခဲ့ရပါတယ်။ အခုချိန်မှာ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းဟာ ဆင်းရဲမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သတ်မှတ်တဲ့ အခြေအနေထက် ပိုမိုဆိုးရွားကျပ်တည်းတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ပိုမိုဆိုးရွားလာနေတဲ့ ရက်ရက်စက်စက် ဖိနှိပ်မှုတွေအောက်က ပြည်သူတွေဟာ အရေးပါတဲ့နေ့တွေမှာ တိတ်ဆိတ်ခြင်းသပိတ်နဲ့ ဆန့်ကျင်တော်လှန်မှုကို ပြသခဲ့ကြပါတယ်။ အာဏာသိမ်းမှု တနှစ်ပြည့်ခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာဆိုရင်လည်း နိုင်ငံအဝန်း မြို့တိုင်းနယ်တိုင်းက လမ်းတွေမှာ တိတ်ဆိတ်မှုသပိတ်ကြောင့် တိတ်ဆိတ်ခြောက်ကပ်လို့ နေပါတယ်။

ခြုံပြောရမယ်ဆိုရင်တော့ ဒီကွပ်မျက်မှုဟာ နောက်ထပ် ဆန့်ကျင်တော်လှန်နေသူတွေကို အချက်ပေးလိုတဲ့ ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်မှုပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် နိုင်ငံအတော်များများက ဒီကွပ်မျက်မှုကို ဝေဖန်ရှုတ်ချခဲ့ကြပေမဲ့ ရုရှားနဲ့ တရုတ်ကတော့ နောက်ကွယ်ကနေ ထောက်ခံအားပေးနေပါတယ်။ အာဆီယံရဲ့ မထိရောက်တဲ့ ကိုင်တွယ်မှုတွေနဲ့ မင်းအောင်လှိုင်ဟာ ပူတင်ရဲ့ ကြိုးဆွဲရာအတိုင်း ကလျက်ရှိနေပါတော့တယ်။

ရော့စ်ဝဲလ်ဆင် 

နယူးဇီလန်အခြေစိုက် www.stuff.co.nz သတင်းဝက်ဆိုက်ဘ်မှာ   ဆောင်းပါးရှင် Ross Wilson  ရေးသားထားတဲ့ “Myanmar dictator follows Putin playbook”   ဆောင်းပါးကို ဆီလျော်သလို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။

Ross Wilson သည် မြန်မာအပါအဝင် အာရှပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများတွင် အလုပ်သမားများနှင့် အဖွဲ့အစည်းများအား ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများပေးနေသော UnionAID အဖွဲ့အစည်း၏ဥက္ကဋ္ဌ ဖြစ်သည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013