DVB Logo
Home
မြန်မာသတင်း
ဆောနှင့် မြိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား
DVB
·
June 15, 2022
ဆောနှင့် မြိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား
1 / 4
Donate to DVB

မကွေးတိုင်း ဆောမြို့နယ်မှာ ဇွန် ၁၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံး၊ ၁၀ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ PDF-ဆော တပ်ရင်း ၂  (YRPA) က ပြောပါတယ်။

ကန်ပက်လက်မြို့နယ်ဘက်ကနေ အထိနာခဲ့တဲ့ အင်အား ၁၅၀ လောက်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဇွန် ၁၄ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ PDF-ဆောတပ်ရင်း ၂ နဲ့ The Youth Force (ဆော၊ကျောက်ထု) တို့ ပူးပေါင်းပြီး ချုံခိုတိုက်ခိုက်ရာ ၄၅ မိနစ်လောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF-ဆော တပ်ရင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်(...) ၂ ယောက် သေဆုံးပြီး တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်လို့ သူတို့ဘက်က ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်။ YRPA ဘက်က လက်နက်ကြီး ပြောင်းကွဲပြီး ပျက်စီးမှုရှိပေမယ့် ပြည်သူတွေပို့သတဲ့ မေတ္တာကြောင့် ကျနော်တိုဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိခဲ့ဘူး။” 

YRPA ရဲဘော်တွေအနေနဲ့ ဖြစ်သလိုစားသောက်ပြီး တော်လှန်ရေးခရီးဆက်နိုင်ပေမယ့် လက်နက်ခဲယမ်းမပြည့်စုံတာက ကြီးမားတဲ့ အခက်အခဲဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပံ့ပိုးကူညီပေးဖို့ လိုအပ်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တဲ့ ကန်ပက်လက်မြို့နယ်မှာလည်း CDF-ကန်ဘက်လက်ကနေ PDF-ဆော တပ်ရင်း ၂ နဲ့ The Youth Force(ဆော၊ကျောက်ထု) တို့က သွားရောက် စစ်ကူပေးခဲ့ ကြပြီး လက်နက်ခဲယမ်းမလုံလောက်လို့ CDF-ကန်ပက်လက် Vakok တပ်ရင်းကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဇွန်လ ၁၄ ရက်နေ့ မနက်ကလည်း မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့တယ်လို့ အနောက်လွင်ပြင် PDF က ပြောပါတယ်။

ဝက်ပုတ်ရွာမှာ အထိုင်ချထားတဲ့ အင်အား ၆၀ လောက်ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို မနက်အစောပိုင်း ၃ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ၁၀၀ မမ၊ ၁၂၀ မမ တာဝေးပစ်လက်နက်တွေနဲ့ အချက် ၃၀ လောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့တယ်လို့ အနောက်လွင်ပြင်-PDF ရဲ့ တာဝန်ခံ ဗိုလ်တေဇက ဒီဗွီဘီကို ပြောပါတယ်။

“ပျူ(...)တွေအင်အားကောင်းတဲ့ ဝက်ပုတ်ရွာကို စစ်ကောင်စီက စစ်(...)တပ်စိတ်တစိတ်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေ တပ်ဆင်ပေးထားတယ်ဗျ။ အဲဒါကြောင့် အနောက်လွင်ပြင်-PDF၊ ဝံပုလွေပြောက်ကျားတပ်(မြိုင်)၊ ဂဠုန်ပြောက်ကျားတပ်(မြိုင်)၊ ဘာမထီပြောက်ကျားတပ်၊ MUGPDF၊PRA တပ်ခွဲ ၁၂ နဲ့ မင်းသားလေးတပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိခဲ့ဘူး။”

ဇွန် ၁၃ ရက်နေ့ကလည်း ကန်နီရွာဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF တို့ မြိုင်မြို့နယ် မကျည်းလေးပင် ရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားသေဆုံးတဲ့ အခြေအနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013