DVB Logo
Home
မြန်မာသတင်း
PDF ဟု စစ်တပ်က စွပ်စွဲပစ်သတ်ခဲ့သည့် ဂန့်ဂေါဒေသခံ ၂ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၉၄၀ ကျော်ရှိလာ
DVB
·
June 15, 2022
PDF ဟု စစ်တပ်က စွပ်စွဲပစ်သတ်ခဲ့သည့် ဂန့်ဂေါဒေသခံ ၂ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၉၄၀ ကျော်ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၄၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်းအယောက် ၁၄,၁၁၀ ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၀၅၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၁,၁၃၂ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၃ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၃၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၆၁၇ ထက်မနည်း ရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်ညနေ ၃ နာရီဝန်းကျင်က တနင်္သာရီတိုင်းဒေသကြီး၊ လိပ်ကြယ်ပြောင်ကျေးရွာမှာ နေထိုင်တဲ့ မပန်းအိဖြူဟာ ကျောက်မဲတောင်ကျေးရွာမှ ထားဝယ်မြို့ဘက်ကိုသွားတဲ့ အကြမ်းဖက်စစ်အုပ်စု ယာဉ်တန်းရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတာကြောင့် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါ တယ်။ မပန်းအိဖြူဟာ စစ်အုပ်စုယာဉ်တန်းက သေနတ်တွေ ပစ်ခတ်လာတာကို ကြောက်လန့်တာကြောင့် အိမ်အတွင်း ထပြေးချိန်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာကို ဇွန် ၈ ရက်မနက်ပိုင်းက ကလေးမြို့ အခြေစိုက် ခမရ ၃၆၃ တပ်ရင်းက ဝင်ရောက်လာခဲ့ပြီး ဒေသခံရွာသား ၂ ယောက်ဖြစ်ကြတဲ့ ကိုချစ်ရှိုင်းနဲ့ ကိုဝေလင်းဦး (ခ) ဆံရှည်တို့ကို PDF အဖွဲ့ဝင်တွေလို့ စွပ်စွဲကာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။ သတ်ဖြတ်ပြီးနောက် သူတို့ရဲ့ ရုပ်အလောင်းတွေကို ကျေးရွာထိပ်က ဇရပ်မှာ စွန့်ပစ်ခဲ့ပြီး မီးရှို့ခဲ့တယ်လို့ သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013