DVB Logo
Home
မြန်မာသတင်း
စစ်ရာဇဝတ်မှု ကြံရာပါ မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူနိုင်ရန် တောင်းဆို
DVB
·
June 14, 2022
စစ်ရာဇဝတ်မှု ကြံရာပါ မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူနိုင်ရန် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံတဝန်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါအနေနဲ့ တဘက်တလမ်းပါဝင်နေတဲ့ မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူနိုင်ရေးအတွက် Justice For Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။

Telecom International Myanmar Company Limited လက်အောက်က မိုဘိုင်းဖုန်းအော်ပရေတာ မိုင်တဲလ်ဟာ မြန်မာစစ်တပ်ကို အခွန်ဝင်ငွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်တွေ ပံ့ပိုးနေတဲ့ မြန်မာစစ်တပ်စီးပွားရေးကွန်ရက်ရဲ့ အဓိက ဒေါက်တိုင်တရပ်ဖြစ်ပြီး Telecom International Myanmar ရဲ့ အစုရှယ်ယာရှင်တွေဟာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment နဲ့ Myanmar National Telecom Holdings တို့ ဖြစ်ကြပါတယ်။

မိုင်တဲလ်က သူတို့ရဲ့ “အောင်တံခွန်” အရောင်းအစီအစဉ်ကတဆင့် မြန်မာစစ်တပ်အဖွဲ့ဝင်တွေကို အင်တိုက်အားတိုက် စည်းရုံးရောင်းချခဲ့ပြီး အဲဒီအရောင်းအစီအစဉ်မှာ စစ်သည်တဦးချင်းရဲ့ ကိုယ်ပိုင် နံပါတ်နဲ့တွဲထားတဲ့ စိတ်ကြိုက်ဖုန်းနံပါတ်တွေပေးပြီး စစ်သည်တွေကို သုံးစွဲသူစာရင်း သွင်းနိုင်ဖို့ မိုင်တဲလ်ဝန်ထမ်းတွေက တပ်ရင်း/တပ်မမှူးတို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့အကြောင်း လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကို အခြေခံပြီး Justice For Myanmar အဖွဲ့ရဲ့ စုံစမ်းလေ့လာမှုတရပ်မှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ မိုင်တဲလ်ရဲ့ ကြံရာပါပတ်သက်မှုက သက်သေအထောက်အထား အများအပြားကို ရှိနေပါပြီ။ မိုင်တဲလ်ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာစစ်တပ်အတွက် အခွန်ငွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေး စွမ်းဆောင်ရည်တွေပေးပြီး မြန်မာပြည်သူတွေရဲ့ အသက်တွေကို အန္တရာယ်တွင်းထဲ တွန်းပို့နေပါတယ်။ မြန်မာပြည်သူတွေက မိုင်တဲလ်နဲ့ တခြားစစ်တပ်ထုတ်ကုန်အားလုံးကို သပိတ်မှောက်ပြီး သူတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြကြပြီး ဖြစ်ပါတယ်။ အခုအချိန်ဟာ နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး Telecom International Myanmar ကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့ဖို့ အချိန်ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

မိုင်တဲလ်ဟာ မြန်မာစစ်တပ်က သူရဲ့ စစ်သည်တွေကို စောင့်ကြည့်ထောက်လှမ်းနိုင်တဲ့ အန္တရာယ်ကြီးလှတဲ့ စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်တွေ ပေးထားပြီး ပြည်သူ့စစ်သားတွေနဲ့ ရဲသားတွေရဲ့ ဆက်သွယ်ကြ၊ ပြောဆိုကြတာတွေနဲ့ တည်နေရာတွေကို ခြေရာခံနိုင်တာမို့ ပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြတဲ့ ပြည်သူ့စစ်သားရဲသားတွေအနေနဲ့ လုပ်ငန်း အစီအစဉ်တွေကို ဖုန်းနဲ့ ပြောဆိုတာ ဆွေနွေးတာတွေ မလုပ်ကြဖို့နဲ့ စစ်တပ်က မထွက်ခွာခင်မှာ သူတို့ရဲ့ ဖုန်းဆဲင်းကဒ်တွေကို ဖျက်ဆီးပစ်ဖို့လည်း Justice For Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။

“မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက ထောက်ကူပေးနေတာ ဖြစ်ပါတယ်။ အခုအချိန်မှာ စစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေဆီ ငွေကြေးစီးဆင်းတာတွေ ဖြတ်တောက်ပစ်တဲ့ ကိစ္စကို လက်တွေ့ အရေးယူဆောင်ရွက်ကြဖို့ လိုပါတယ်။ မြန်မာ စစ်တပ်ရာဇဝတ်ဂိုဏ်းကို မဖြစ်မနေဖျက်သိမ်းရပါမယ်။”

လတ်တလော Justice For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အနှံ့က စစ်ကောင်စီအခြေစိုက်စခန်း ၃၇၉ ခုက မိုင်တဲလ် ဌာနခွဲတွေနဲ့ အသုံးပြုကြတဲ့ တပ်ဖွဲ့ဝင် ၃ သိန်း ၈ ထောင်ကျော် စာရင်းနဲ့တကွ ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် စစ်ကောင်စီက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေသလို ပြည်သူတွေအနေနဲ့ စစ်တပ်ကျောထောက်နောက်ခံ လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေကို သပိတ်မှောက်ဆန့်ကျင်မှုတွေလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မကွေးတိုင်း ဆောမြို့နယ်မှာ PDF-ဆော WE ARE THE ONE တပ်ခွဲက စစ်ကောင်စီရဲ့ စီပွားရေးဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင်ကရရှိတဲ့ ကုန်ကြမ်းတွေနဲ့ မိုင်တဲလ်မမ တာဝေးပစ်လက်နက်ကြီးကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ လက်နက်ခဲယမ်း ပြည့်စုံလုံလောက်မှုမရှိတာကြောင့် လက်လုပ်သေနတ်တွေ၊ တာဝေးပစ် လက်လုပ်လက်နက်ကြီးတွေကို နည်းလမ်းအမျိုးမျိုးရှာဖွေပြီး တီထွင်ထုတ်လုပ်ကာ စစ်အာဏာရှင်ကျဆုံးရေးတွက် တိုက်ပွဲဝင် နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013