အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသူ မဟုတ်ဘဲ မိမိသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Financial Timesသတင်းစာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
အစ္စရေးနဲ့ အီရန်တို့ကြား ထပ်မံတိုက်ခိုက်မှုတွေ ဖြစ်နေပေမဲ့ အမေရိကန်နဲ့ အီရန်အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ထိခိုက်မှာမဟုတ်ဘူးလို့ ထရမ့်ပ်က ဆိုပါတယ်။
ထရမ့်ပ်က “သဘောတူညီချက်အပေါ် သက်ရောက်မှုမရှိပါဘူး။ ကျုပ်က ဆုံးဖြတ်ပိုင်ခွင့်ရှိသူပါ။ ကျုပ်ကပဲ အားလုံး ဆုံးဖြတ်နိုင်ပါတယ်။ သူက ဆုံးဖြတ်တာမဟုတ်ပါဘူး” လို့ နေတန်ယာဟုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။
ထရမ့်ပ်က လက်ဘနွန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လိုလားနေပြီး ပြီးခဲ့တဲ့အပတ် ဖုန်းခေါ်ဆိုမှုမှာ နေတန်ယာဟုကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။
အမေရိကန်က အပစ်ရပ်ဖို့ ကြားဝင် ညှိနှိုင်းပေးခဲ့ပေမဲ့ ဇွန် ၇ ရက် အစောပိုင်းမှာ အစ္စရေးက ဘေရွတ်မြို့က ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ထရမ့်ပ် ကတော့ သဘောတူညီချက်တခုရဖို့ နီးစပ်နေတဲ့အတွက် ထပ်မံ မတိုက်ခိုက်ဖို့ နေတန်ယာဟုကို ဖုန်းဆက် တားမြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အစ္စရေးဘက်က အီရန်မြို့ကြီးတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ အခုလို စစ်ရေးတင်းမာမှုတွေကြောင့် ဈေးကွက်မှာ ရေနံစိမ်းဈေးနှုန်း ၂ ရာခိုင်နှုန်းကျော် တက်သွားပါတယ်။










