DVB Logo
Home
မြန်မာသတင်း
NUG Pay စတင်မည့်သတင်းထွက်လာပြီးနောက် တရားမဝင် အွန်လိုင်းငွေပေးချေမှု အရေးယူမည်ဟု စစ်ကောင်စီထုတ်ပြန်
DVB
·
June 14, 2022
NUG Pay စတင်မည့်သတင်းထွက်လာပြီးနောက် တရားမဝင် အွန်လိုင်းငွေပေးချေမှု အရေးယူမည်ဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

တရားဝင် ခွင့်ပြုမထားတဲ့  Mobile Pay ၊ Mobile Wallet နဲ့ အွန်လိုင်းငွေပေးချေမှုတွေ တွေ့ရှိပါက ငွေရေးကြေးရေး အဖွဲ့အစည်းတွေ ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇွန်လ ၁၀ ရက်က သတိပေး ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမှာ ငွေပေးချေမှုတွေဆောင်ရွက်နိုင်ရန် မိုဘိုင်းဘဏ်လုပ်ငန်းအတွက် ဘဏ် ၁၈ ခု၊ အင်တာနက်ဘဏ်လုပ်ငန်းအတွက် ဘဏ် ၁၀ ခု၊ မိုဘိုင်းငွေပေးချေမှု (Mobile Pay) လုပ်ငန်းအတွက် ဘဏ် ၈ ခု၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းအတွက် အဖွဲ့အစည်း ၅ ခု၊ Transporation Card နဲ့ Shopping Card စတဲ့ ကတ်ပေးချေမှုလုပ်ငန်းအတွက် အဖွဲ့အစည်း ၇ ခု၊ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းတဲ့ ဝန်ဆောင်မှုလုပ်ငန်း အတွက် ကုမ္ပဏီ ၄ ခုတို့ကို ခွင့်ပြုပေးထားပြီး ကြီးကြပ်ပေးနေတယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

ဒါပေမဲ့ တရားဝင် ခွင့်ပြုထားခြင်း မရှိတဲ့ Mobile Pay ၊ Mobile Wallet နဲ့ ငွေပေးချေမှုအတွက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကတဆင့် သုံးစွဲသူတွေအချင်းချင်း ငွေလွှဲပြောင်းတာ၊ ကုန်စည်ဝယ်ယူတာတွေကို ဆောင်ရွက်နိုင်ကြောင်း လူမှုကွန်ယက် (Social Media Platform) မှာ ကြေညာနေတာကို တွေ့ရှိရတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ Mobile Pay ၊ Mobile Wallet နဲ့ငွေပေးချေမှု ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဟာ ဗဟိုဘဏ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိမနေလို့ ပြည်သူတွေ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်ကြောင်းနဲ့  ခွင့်ပြုချက် မရရှိထားဘဲ ဆောင်ရွက်နေတာကို တွေ့ရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၇၂ အရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ခံရမယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း NUG Pay ကို အခုလစတင်မယ်လို့ ထုတ်ပြန်လာပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

NUG ထုတ်ပြန်ချက်မှာ ဖော်ပြချက်အရ စမတ်ဖုန်း အပလီကေးရှင်းကတဆင့် အသုံးပြုသူ တွေအချင်းချင်းငွေပေးချေတာ၊ လွှဲပြောင်းပေးတာတွေ အပြင် NUG ထံ လှူဒါန်းမှုပါ ပြုလုပ်နိုင်မယ့် NUG Pay ကို ငွေ ကျပ် ၁၀,၀၀၀  ပေးပြီး အသုံးပြုနိုင်နိုင်မယ်လို့ ဆိုပါတယ်။

NUG အစိုးရက အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတဲ့ Mobile Wallet နဲ့ ပတ်သတ်ပြီး ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်သူတဦးက “အောင်မြင်ဖို့ကတော့ နည်းပညာအရ သူတို့ကို တရားဝင် လက်တွဲပေးမယ့် ခိုင်ခိုင်မာမာ လူတွေ လိုတယ်။ ပံ့ပိုးတဲ့ သူက ကောင်းကောင်းမွန်မွန်နဲ့ လမ်းကြောင်းတခု ဖြောင့်နေမယ်၊ ယုံကြည်စိတ်ချရပြီး နည်းပညာပံ့ပိုးပေးမယ့်သူကလည်း ရှိနေတယ်ဆိုရင် ဒါက အောင်မြင်အောင် လုပ်နိုင်စွမ်း ရှိပါတယ်။ ဘယ်လိုလုပ်လို့ ရနိုင်မလဲဆိုရင် နိုင်ငံခြားမှာရှိတဲ့ အော်ပရေတာတွေနဲ့ တဆင့်ခံပြီး လုပ်မယ်ဆိုရင် လုပ်လို့ ရတာပေါ့။ သူတို့နဲ့ အဆင်ပြေတဲ့ အဖွဲ့အစည်း နိုင်ငံနဲ့ပေါ့နော်။ အဲ့ဒီ့ နောက်ကွယ်ကနေ အေးဂျင့် နည်းပညာကုမ္ပဏီ တခုကနေ လုပ်ပေးတာမျိုးဆိုရင် ဖြစ်နိုင်တာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာပြည်မှာ လက်ရှိ အသုံးပြုနေတဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေက Wave Money ၊ M-Pitesan ၊ OK$ ၊ MytelPay နဲ့ MPT Pay တို့ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ခွင့်ပြုပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013