DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း စစ်တပ်က ရွာမီးရှို့၊ တန့်ဆည်တွင် ဘုရားဈေးတန်း မီးရှို့ခံရပြီး အမျိုးသမီး ၁ ဦး ကျည်ထိမှန် သေဆုံး
DVB
·
June 11, 2022
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း စစ်တပ်က ရွာမီးရှို့၊ တန့်ဆည်တွင် ဘုရားဈေးတန်း မီးရှို့ခံရပြီး အမျိုးသမီး  ၁ ဦး ကျည်ထိမှန် သေဆုံး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လမ်းဆုံမြို့မှာ ဇွန် ၁၀ ရက် ညပိုင်းက ဈေးဆိုင်ခန်းတွေနဲ့ ကျေးရွာနှစ်ရွာ  မီးရှို့ဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်သားတွေက  အကြမ်းဖက်ပစ်ခတ်လို့  အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတယောက်  ကျည်ထိမှန်သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ရွှေကန်တော့မြတ်စွာဘုရားဈေးတိုက်တန်းနဲ့ ကျေးရွာ နှစ်ရွာ မီးရှို့ခံရတယ်။ ဆိုင်ခန်း ၃၀ ကျော်နဲ့ လူနေအိမ်က ၁၀ လုံးလောက် မီးလောင်သွားတယ်" လို့ ဒေသခံက ပြောပါတယ်။

မီးလောင်နေချိန်  စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လို့ လမ်းဆုံမြို့ အ.ထ.က. ၂ ကျောင်း အနားမှာနေတဲ့ အမျိုးသမီးတယောက် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့  တန့်ဆည် ကူညီထောက်ပံ့ရေးအဖွဲ့ - TSO အဖွဲ့ကပြောပါတယ်။

သေဆုံးသူရဲ့ နီးစပ်သူဆွေမျိုးတဦးက “သေနတ်သံတွေ ကြားရပြီးတော့ အစ်မဝမ်းကွဲ ရင်ဘတ်တည့်တည့် သေနတ်မှန်ပြီး သေဆုံးသွားပြီ” လို့ ပြောပါတယ်။

ဈေးဆိုင်ခန်းတွေ မီးလောင်နေတဲ့ တချိန်တည်းမှာပဲ စစ်တပ်က ချောင်းဆုံ‌တောင်ရွာက နေအိမ် ၇ လုံးနဲ့  ဆင်ငယ်ရွာက နေအိမ် ၃ လုံးကို  မီးရှို့ဖျက်ဆီးသွားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာလည်း ကျေးရွာတချို့မှာ ဇွန် ၁၁ ရက်မနက် ၅ နာရီခွဲလောက်စပြီး ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့အတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်က အနီးနားက ရွာတွေကို  မီးရှို့ခဲ့တာကြောင့်  ရွာထောင်ကျေးရွာက နေအိမ် ၈ လုံးနဲ့ လေးရွာကျေးရွာက နေအိမ် ၈ လုံး  မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဇွန် ၁၀ ရက် ညပိုင်း ၉ နာရီကျော်က  PDF ပူးပေါင်းအဖွဲ့တွေက ယင်းမာပင်မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲနေရာတွေကို အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့လို့ မြို့တွင်းရပ်ကွက်တွင်း ၆ နေရာလောက်မှာ လက်နက်ကြီးတချို့ကျရောက်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ယင်းမာပင်မြို့နေ ပြည်သူတချို့က ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာတော့  မြေခြားရွာကို ဇွန် ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဝင်ရောက်မီးရှို့ခဲ့လို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး သက်ကြီးအဘိုးအိုတစ်ယောက်  ရွာထဲမှာကျန်နေခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၇၀ လောက်ဟာ မြေခြားရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်လာပြီး ဒီနေ့ မနက် ၁၁ နာရီလောက်မှာ တစ်ရွာလုံးပတ်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့  မြေခြားကျေးရွာသားတယောက်က ပြောပါတယ်။

“ကျနော်တို့ရွာက  အိမ်ခြေ ၁၇၀ လောက်ရှိတယ်ဗျ။ စစ်(...)တွေ ရွာထဲကို မရောက်ခင်ကတည်းက တစ်ရွာလုံးဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာ။ ရွာထဲမှတော့ လမ်းမလျှောက်နိုင်တဲ့ အသက် ၆၀ ကျော်အရွယ် အဘိုးတယောက် ကျန်ခဲ့တယ်။ သေလား ရှင်လား မီးထဲပါသွားပြီလား အတိကျမသိရသေးဘူး။ စစ်(...)တွေကနည်းနည်းပဲပါတာ။ ပင်ထောင်နဲ့ သစ်ချိုကုန်းရွာဘက်က ပျူ(...)တွေများများပါတယ်။ ရွာပတ်ပတ်လည်ကနေ မီးခိုးလုံး မီးတောက်တွေ တက်နေတာကို အဝေးကနေလှမ်းမြင်နေရတယ်။ ဘယ်သူမှလည်း ရွာနား မကပ်ရဲကြတော့ အိမ်ခြေ အများအပြား မီးလောင်ဆုံးခန့်မှန်းရတယ်။”

မြေခြားကျေးရွာကို မေလ ၁၃ ရက်ကလည်း  စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် ၁ လုံးနဲ့ ကြက်ခြံ ၃ ခြံကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မကွေးတိုင်းမှာ ပြီးခဲ့မေလ တစ်လအတွင်း စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၉၂၄ လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013