
အီရတ်မြောက်ပိုင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေကို ထိန်းချုပ်ဖောက်ခွဲမှုအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တယောက် ဇူလိုင် ၁၈ ရက်က သေဆုံးခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်း ကွပ်ကဲရေးဌာန (CENTCOM) က ပြောပါတယ်။
မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေကို အီရန်ရဲ့ တလမ်းသွား တိုက်ခိုက်ရေးဒရုန်း တစင်းကနေ ပစ်ချခဲ့တာလို့ ကွပ်ကဲရေးဌာနက ထုတ်ပြန်ပြောပါတယ်။
ဇူလိုင် ၁၇ ရက်က အီရန်ရဲ့တိုက်ခိုက်မှုအပြီးမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂ ယောက် ကွယ်လွန်ပြီး ဂျော်ဒန်နိုင်ငံထဲမှာ တယောက် ပျောက်နေတယ်လို့ (CENTCOM) က ကြေညာခဲ့တာပါ။
သေသေချာချာ ရှာဖွေပြီးတဲ့နောက် အမေရိကန် စစ်ဘက်ဝန်ထမ်းတွေဟာ ဒီနေ့အစောပိုင်းက အဲဒီနေရာမှာ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့ ရုပ်ကြွင်းတွေကို တွေ့ခဲ့ကြပါတယ်။
ရုပ်ကြွင်းတွေကို အတည်ပြုဖို့ စစ်ဆေးရေးလုပ်ငန်းစဉ်ကို ဆက်လုပ်နေပါတယ်။ သီးခြားစီအနေနဲ့ ဇူလိုင် ၁၈ ရက်မှာ အီရန်ရဲ့ တလမ်းသွားတိုက်ခိုက်ရေးဒရုန်းကနေ ပစ်ချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေကို ထိန်းချုပ်ဖောက်ခွဲချိန် အီရတ်မြောက်ပိုင်းက အမေရိကန်တပ်ဖွဲ့ဝင် တယောက် သေဆုံးခဲ့ပါတယ်။
ဒုတိယတပ်ဖွဲ့ဝင်တယောက် ဒဏ်ရာရခဲ့ပြီး အသေးစားဒဏ်ရာအတွက် ဆေးကုသမှုခံယူနေဆဲပါ။ CENTCOM ကတော့ အကြောင်းကြားချက်လုပ်ငန်းစဉ်အတွင်း မိသားစုတွေအပေါ် လေးစားသောအားဖြင့် ပျောက်ဆုံးနေသူတွေနဲ့ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ နာမည်တွေ အပါအဝင် နောက်ထပ်အချက်အလက်တွေကို ဖုံးကွယ်ထားပါတယ်။











