DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီး ၄ ဦး ထိုင်းလေဆိပ်တွင် ဒေါ်လာငွေအတုကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်ချခံရ
DVB
·
June 10, 2022
မြန်မာအမျိုးသမီး ၄ ဦး ထိုင်းလေဆိပ်တွင် ဒေါ်လာငွေအတုကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်ချခံရ
Donate to DVB

ထိုင်းနိုင်ငံကိုသွားရောက်တဲ့ မြန်မာအမျိုးသမီး ၄ ယောက်ဟာ ဘန်ကောက် သုဝဏ္ဏဘုမိလေဆိပ်အဝင် Show Money ပြစဉ် ပါလာတဲ့ အမေရိကန်ဒေါ်လာငွေတွေဟာ အတုဖြစ်နေကြောင်း စစ်ဆေးတွေ့ရလို့  အရေးယူခံရပြီး ထောင်ဒဏ် ၂ နှစ်ခွဲ သို့မဟုတ် ငွေဒဏ် ထိုင်းဘတ်ငွေ  ၅၀,၀၀၀ စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

မြန်မာအမျိုးသမီး ၄ ယောက်ဟာ အဆိုပါငွေတွေကို အတုမှန်းမသိဘဲ  အေဂျင်စီတခုကနေ တစ်ဦးလျှင် ဒေါ်လာ ၁၀၀ တန် ၅ ရွက်စီပါတဲ့ စာအိတ်တွေနဲ့ထည့်ပေးလိုက်တာဖြစ်ကြောင်းသိရလို့ ထိုင်းမြန်မာသံရုံးက လိုက်လံကူညီဆောင်ရွက်ပေးခဲ့ရာမှာ  ၂ ယောက် ထောင်ကလွတ်မြောက်ခဲ့ပေမဲ့ ကျန်တဲ့ ၂ ယောက်ကတော့ မလွတ်သေးဘူးလို့ အမှုမှာကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။ 

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်က အမှုစဖြစ်ပြီး ၂ လအကြာ  ဧပြီလမှာ မြန်မာသံရုံးက သိရှိခဲ့လို့ သွားကူညီခဲ့ရာမှာ လျော်ကြေးငွေ ဘတ် ၅၀,၀၀၀ စီပေးပြီး နှစ်ယောက် ပြန်လွတ်လာကာ မြန်မာပြည်ပြန်ရောက်သွားပြီလို့လည်းပြောပါတယ်။

“ခက်တာက နောက်နှစ်ယောက်။ သူတို့က ဒေါ်လာငွေအတုကိုင်ဆောင်မိကြောင်း ဝန်ခံထားလို့ အမှုချိန်းတဲ့အခါမှာ အစိုးရရှေ့နေဘက်က ငွေစက္ကူအတု ပြုလုပ်သူအဖြစ် ထပ်ပြီး တရားစွဲလိုက်တယ်၊ ပြန်လွတ်တဲ့ နှစ်ယောက်ကတော့ သူတို့ လုံးဝမသိဘူး။ အေဂျင်စီကထည့်ပေး လိုက်တာလို့ပဲဖြေတယ်လေ။ အဲဒါ ကျနော်တို့ဘက်က ထိုက်သင့်သလို ကန့်ကွက်ထားပါပြီ၊ ဥပဒေအရ မလျော်ညီဘူး။ ဘာလို့လဲဆိုတော့ အမှုက တစ်ခုတည်း တစ်ချိန်တည်း တစ်ရက်တည်းဖြစ်တဲ့ကိစ္စကို ဒီနှစ်ယောက်ကိုမှ ပုဒ်မထပ်တိုး ထပ်စွပ်စွဲတာကိုမတရားပါဘူး ဆိုပြီးတော့မှ ကန့်ကွက် စာတင်ထားပါတယ်၊ အမှုကို လာမယ့် ၁၈/၇/ ၂၀၂၂ ရက်နေ့ တရားရုံးကနေ ပုဒ်မထပ်တိုးသင့် မတိုးသင့် အမိန့်ချပေးမှာဖြစ်ပါတယ်။ ”

သူတို့ကို ဒေါ်လာအတုထည့်ပေးလိုက်တဲ့ အေဂျင်စီဆိုတာကို စုံစမ်းကြည့်တော့ တရားဝင်မှတ်ပုံတင်ထားတဲ့ အေဂျင်စီမဟုတ်ကြောင်း ၊ အဆိုပါအေဂျင်စီပေါ် ဘယ်လိုအ ရေးယူဆောင်ရွက်မလဲဆိုတာတော့ ပြည်တွင်းကတာဝန်ရှိသူတွေရဲ့ အပိုင်းဖြစ်တယ်လို့ ဆိုပါတယ် ။ 

ဒီဖြစ်ရပ်မှာ အမှုကိစ္စဖြစ်ပြီး ၂ လကျော်ကြာမှ သိရလို့ ဥပဒေပိုင်းအရ စောင့်ရှောက်မှု အားနည်းခဲ့ရတယ်လို့ ဦးအောင်မျိုးသန့်ကပြောပါတယ်။

Photo-SuvarnabhumiAirport

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013