DVB Logo
Home
မြန်မာသတင်း
မြောင်နှင့် ရေစကြိုနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်
DVB
·
June 10, 2022
မြောင်နှင့် ရေစကြိုနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ်ရှိ ဇရပ်နီကျေးရွာနဲ့ မင်းလှကျေးရွာအကြားမှာ အင်အား ၈၀ လောက်ပါတဲ့  စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဇွန် ၉ ရက် မနက် ၆ နာရီခွဲလောက်မှာ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ 

PDF-တောင်သာ မြင်းခြံခရိုင်တပ်ရင်း-၃ နဲ့ MGN 35 မြင်းခြံခရိုင်တပ်ရင်း-၅ အဖွဲ့တို့နဲ့အတူ မြင်းခြံခရိုင်တပ်ရင်း- ၂ မှ တပ်ဖွဲ့ဝင်တချို့ ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့ PDF-တောင်သာ အဖွဲ့က ပြောပါတယ်။

မိနစ် ၂၀ လောက်ကြာတိုက်ပွဲမှာ  စစ်ကောင်စီတပ်ဖွဲ့ဟာ အလစ်အငိုက်မိခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့  PDF-တောင်သာတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

"တိုက်တာက ၃ ဖွဲ့ပေါ့။ ကျနော်တို့ PDF-တောင်သာ နဲ့ MGN 35 နှစ်ဖွဲ့ပေါင်းပြီး တိုက်ပွဲဗျူဟာထုတ်တာပေါ့။ တိုက်ပွဲဗျူဟာကို မြင်းခြံခရိုင် ​တပ်ရင်း ၂ က ရဲဘော်တွေကို ချပြတော့ သူတို့ကလည်း သဘောကျပြီး အကူအင်အားအနေနဲ့ ဝင်ရောက်ပူးပေါင်းတယ်။”

PDF-တောင်သာနဲ့ MGN 35 အဖွဲ့တို့မှာ စစ်မှုထမ်းဟောင်းတဦးစီ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး သူတို့နှစ်ဦး ဦးဆောင်ကာ တိုက်ပွဲဗျူဟာ ထုတ်ခဲ့တာလို့လည်း သိရပါတယ်။

မီတာ ၁၅၀၊ ၁၇၀ လောက်ကို သတ်ကွင်းထားပြီး လက်ဦးမှုရယူကာ ထိပ်တိုက် တိုက်ပွဲဖော်ဆောင်ခဲ့တာလို့ PDF-တောင်သာအဖွဲ့ တာဝန်ခံက ပြောပါတယ်။

"ကျနော်တို့က သတ်ကွင်းထားပြီးတော့ ပစ်တာဆိုတော့ ထိခိုက်မှုကတော့ရှိတယ်။ ပွဲသိမ်းတိုက်ပွဲတော့ မဖြစ်လိုက်ဘူး။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ထုနေတာဆိုတော့ ဒီ့ထက် တိုက်ပွဲတာရှည်လာရင် မလိုလားအပ်တဲ့ တခြားလူနေရပ်ရွာတွေ ထိခိုက်မှာစိုးတဲ့အတွက် မူလစီစဥ်ထားတဲ့အတိုင်း စနစ်တကျနဲ့ ဆုတ်လိုက်တာ။"

တိုင်ပွဲမှာ စစ်ကောင်စီဘက်က  အနည်းဆုံး ၅ ယောက်လောက် သေဆုံးနိုင်တယ်လို့ MGN 35 နဲ့ PDF-တောင်သာ အဖွဲ့တို့က ခန့်မှန်း ပြောဆိုခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ တပ်ရင်း ၂ က တဦး စစ်ကောင်စီပစ်ခတ်တဲ့ ၄၀ မမ ဗုံးဆန် ဒူးကိုရှပ်မှန်ပြီး မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ဇရပ်နီကျေးရွာ ဘုန်းကြီးကျောင်းအနီးကို ၆၀ မမ နှစ်လုံးလောက် ကျရောက်ပေါက်ကွဲခဲ့သလို ကျောင်းပေါ်ကိုလည်း တလုံးကျခဲ့ပေမဲ့ မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် မင်းလှရွာဘက်ခြမ်း လမ်းပေါ်မှာရှိတဲ့ နေအိမ်တလုံးပေါ်ကိုလည်း စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်သွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီအဖွဲ့ဟာ မင်းလှရွာဘက်ကို ဆုတ်ခွာသွားခဲ့ပြီး နေအိမ်တလုံးကို မီးရှို့သွားတယ်လို့ ရွာသားတွေကပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013