DVB Logo
Home
မြန်မာသတင်း
အာဆီယံအထူးကိုယ်စားလှယ် မြန်မာသို့ ဒုတိယအကြိမ် လာမည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ထပ်တောင်း
DVB
·
June 10, 2022
အာဆီယံအထူးကိုယ်စားလှယ် မြန်မာသို့ ဒုတိယအကြိမ် လာမည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ထပ်တောင်း
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီယားနိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆာခွန်းဟာ သူ့ရဲ့ ဒုတိယခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို အခုဇွန်လနှောင်းပိုင်းမှာ လာရောက်ဖို့ ရှိနေပါတယ်။

ဇွန် ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ မြန်မာပြည်ကိုလာရောက်မယ့် ဒီခရီးစဉ်မှာတော့ အာဆီယံဘုံသဘောတူညီမှု ၅ ရပ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရေးကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သတင်းရင်းမြစ်က ဖော်ပြထားပြီး အရင်က အခုသီတင်းပတ်ထဲမှာ လာရောက်မယ့် ခရီးစဉ်ကို ရွှေ့ပြောင်းလိုက်ရတာလို့ ဆိုပါတယ်။

မစ္စတာ ပရက်ခ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ အနာဂတ်အစီအစဉ်ဆိုင်ရာ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက တင်ပြထားခဲ့ပြီး ခုတခါ ဒုတိယခရီးစဉ်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကိုပါ တွေ့ဆုံခွင့်တောင်းဆိုထားပြီးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့  အမှုရင်ဆိုင်နေရတဲ့သူနဲ့  တွေ့ခွင့်မပြုနိုင်ဘူးလို့ ပြောကြားထားပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မစ္စတာ ပရက်ခ်ရဲ့ တင်ပြချက်မှာတော့ လူသားချင်းစာနာမှု အကူအညီပေးရေးအစီအစဉ်အတွက် မြန်မာနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေ အမြန်ပေးအပ်ဖို့နဲ့ စီမံခန့်ခွဲရေးနဲ့ ဥပဒေနဲ့ဆိုင်တဲ့ လိုအပ်ချက်တွေကို လွယ်ကူချောမွေ့စေရေး စစ်ကောင်စီဘက်ကလည်း သဘောတူညီထားပြီးပြီလို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဟာ မြန်မာနိုင်ငံအတွင်း အာဆီယံရဲ့ စောင့်ကြည့်ရေးအဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး ပံ့ပိုးကူညီမှုတွေ ပေးဆောင်နိုင်ဖို့လည်း ကတိပြုထားတယ်လို့ မစ္စတာ ပရက်ခ်က ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေကိုဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုတွေရပ်တန့်ရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်စလုံးကို အာဆီယံခေါင်းဆောင်တွေကချမှတ်ထားပေမဲ့ အချိန် တနှစ်ခွဲလောက် ကြာတဲ့အထိ စစ်ကောင်စီက အကောင်အထည်ဖော်ခြင်း မရှိသေးပါဘူး။

ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရတ်ဆာခွန်းဟာ  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို မတ်လ ၂၁ ရက်ကနေ ၂၃ ရက်အထိ ၃ ရက်ကြာ ပထမဆုံး ခရီးစဉ်သွားရောက်ခဲ့ပါတယ်။

လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ခွန်ဖုတ်  ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာလည်း အခုရက်ပိုင်းနေပြည်တော်မှာ ရောက်ရှိနေပါတယ်။

ကမ္ဘောဒီးယား ဒုဝန်ကြီးကလည်း မြန်မာနိုင်ငံအရေးကိစ္စ အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းကို မပြုလုပ်သင့်လို့ ကမ္ဘောဒီးယားနိုင်ငံက ယူဆပါကြောင်း၊ အာဆီယံဘုံသဘောတူညီချက်ရဲ့ စတုတ္ထအချက်ဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စ အကောင်အထည်ဖော်ရေး တိုးတက်မှုတွေ ကျေနပ်အားရပါကြောင်း၊ ကျန်အချက်တွေကို  အပြန်အလှန်သဘောတူညီပြီး အဆင်ပြေမယ့် နည်းလမ်းနဲ့  အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ပြောတယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013