DVB Logo
Home
မြန်မာသတင်း
မဲဆောက်ရောက် မြန်မာများအတွက် နယူးမြန်မာတယ်လီကျန်းမာ အခမဲ့ဆေးခန်းဖွင့်လှစ်
DVB
·
June 10, 2022
မဲဆောက်ရောက် မြန်မာများအတွက်  နယူးမြန်မာတယ်လီကျန်းမာ အခမဲ့ဆေးခန်းဖွင့်လှစ်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာကြရတဲ့ ဒုက္ခသည်တွေအပါအဝင် မြန်မာပြည်သားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ထောက်ကူနိုင်ဖို့ နယူးမြန်မာ တယ်လီကျန်းမာ TeleHealth-NMF အခမဲ့ဆေးခန်းကို ဇွန် ၁ ရက်က စတင်ပြီး ဖွင့်လှစ်ထားပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက်အလက်ချို့တဲ့မှုနဲ့ ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေ အပါအဝင် များစွာသော အတားအဆီးတွေကြောင့် ကျန်းမာရေး ချို့တဲ့မှုတွေ၊ အရေးပေါ် အခြေအနေတွေနဲ့ ကြုံတွေ့လာချိန်မှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိနိုင်ဖို့အတွက် အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့  နယူးမြန်မာ တယ်လီကျန်းမာ TeleHealth-NMF က ပြောရေးဆိုခွင့်ရှိသူ ဒေါ်ငွေရည်လွင်က ဒီဗွီဘီကို ပြောပါတယ်။

ဆေးကုသမှု ရယူနိုင်ဖို့အတွက်တော့ အခကြေးငွေ တစုံတရာပေးဖို့မလိုဘဲ မနက် ၆ နာရီကနေ ည ၁၂ နာရီထိ တယ်လီကျန်းမာရဲ့ တယ်လီဂရမ်၊ ဆစ်ဂနယ်နဲ့ ဖေ့စ်ဘွတ်ခ်တို့ကတဆင့် ကြိုတင်ရက်ချိန်းရယူကာ အခမဲ့ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးကုသမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။

နယူးမြန်မာ တယ်လီကျန်းမာ TeleHealth-NMF မှာ စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၂၄ ယောက်က အချိန်ပြည့် တာဝန်ယူဆောင်ရွက်ပေးနေပြီး လတ်တလောမှာတော့ ဆေးဝါးထောက်ပံ့ကူညီပေးနိုင်တာမျိုးတော့ မလုပ်ပေးနိုင်သေးဘူးလို့ ဒေါ်ငွေရည်လွင်က ပြောပါတယ်။ 

ဒါ့အပြင် တယ်လီကျန်းမာအနေနဲ့ ကိုင်တွယ်ကုသဖို့ မတတ်နိုင်ဘဲ ဆေးရုံတက်ရောက်ကုသရမယ့် အခြေအနေမျိုးမှာတော့ မဲဆောက်မြို့က မယ်တော်ဆေးခန်းနဲ့ ချိတ်ဆက်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုဂယက်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း နေရပ်မြို့တမြို့ကနေ မဲဆောက်မြို့ကို တိမ်းရှောင်ရောက်ရှိလာသူ ကိုနိုင်လင်းအောင်ကတော့ “ကျနော်က ဒီရောက်တာ ၅ လလောက်ရှိပြီဗျ။ မယ်တော်ဆေးခန်းတော့ သိတယ်၊ ကြားဖူးတယ်၊ ခု တယ်လီကျန်းမာ အခမဲ့ဆေးခန်းဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ တက်လာတာ တွေ့တယ်။ ကုတော့မကုဖူးသေးဘူး။ ခုလိုရှိလာတာလည်း ကျနော်တို့လို လူတွေအတွက် ခွန်အားဖြစ်ပါတယ်။ နေရထိုင်ရတာလည်း သိတဲ့အတိုင်းလေ၊ အရာရာ ထိတ်လန့်တကြား နေနေရတာဆိုတော့ အရေးပေါ်ဆို ခုလိုလေး တိုင်ပင်ဆွေးနွေးနိုင်ရင်တော့ ပိုအဆင်ပြေတာပေါ့ဗျာ။ တခါတော့ သမီးလေးကိစ္စနဲ့ ဒုက္ခရောက်လိုက်သေးတယ်။ ၂ နှစ်ပဲ ရှိသေးတာ၊ ညကြီးအချိန်မတော် ကိုယ်ခြစ်ခြစ်တောက်ပူ၊ ဆေးရုံဆေးခန်းလည်း သွားဖို့မပြေ ရောက်တာလည်း ရက်ပိုင်းကို ဘေးအနီးအနားလည်း မကူမကယ်နိုင်၊ ဘာသာစကားကလည်း ခက်ခဲနဲ့။ နောက်တော့ မိတ်ဆွေတယောက်အကူအညီနဲ့ ဆေးခန်းသွားပြဖို့ ပြေသွားတာ၊ မကျန်းရေးမမာရေး အရေးပေါ်ဆို တော်တော်ခက်ခဲတယ်ဗျ” လို့ ပြောပါတယ်။

ခုချိန်ထိ နယူးမြန်မာ တယ်လီကျန်းမာ TeleHealth-NMF မှာ တိုင်ပင်ကုသမှုခံယူတဲ့ လူနာအရေအတွက်က သီတင်းတပတ်ကျော်အတွင်း ၂၅ ယောက်လောက်ရှိခဲ့ပြီး အထွေထွေရောဂါ အပါအဝင် အရိုးအဆစ်၊ အရေပြား၊ နားနှာခေါင်းလည်ချောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ တိုင်ပင်ကုသမှုတွေများပြီး စိတ်ကျန်းမာရေးဆိုင်ရာ တိုင်ပင်ကုသမှုကတော့ လတ်တလော ဝန်ဆောင်မှု မပေးနိုင်သေးဘူးလို့ ဒေါ်ငွေရည်လွင်က ပြောပါတယ်။

ဒီဆေးခန်းဖြစ်မြောက်နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်း ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ အားတက်သရော ပါဝင်လှုပ်ရှားဆောင်ရွက်နေကြပေမဲ့ ဘတ်ဂျက်အခက်အခဲ အပါအဝင် တခြားအခက်အခဲတွေကြောင့် မြေပြင်ကွင်းဆင်းကုသမှု ပေးနိုင်ဖို့ကတော့ ခက်ခဲနေဆဲပဲလို့လည်း ဆိုပါတယ်။

“အခက်အခဲကတော့ ကျမတို့ တတ်နိုင်သမျှ အများကြီး လုပ်ပေးချင်တယ်၊ ခုက ၂၄ နာရီ အချိန်ပြည့် မလုပ်ပေးနိုင်သေးဘူးပေါ့။ ဘတ်ဂျက်သာရှိမယ်ဆိုရင်တော့ မြေပြင်ထိ သွားရောက်ကုသပေးဖို့ သွားချင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေလည်း ရှိနေတယ်။ အဲဒီလိုဆိုရင်တော့ တိတိကျကျ ကုသမှုပိုင်းမှာ လုပ်ပေးလို့ရမှာပေါ့။ လတ်တလောကတော့ ၂၄ နာရီ တိုင်ပင်ကုသမှု လုပ်ပေးချင်တာမျိုးပဲ ရှိနေပါတယ်။ အကုန်လုံး စေတနာ့ဝန်ထမ်းတွေ ဖြစ်နေပေမယ့် အားလုံးစိတ်အားထက်သန်ကြပါတယ်။ မဲဆောက်ထဲ ရောက်နေကြတဲ့ ကျမတို့ ပြည်သူတွေ ဘာမှ အားမငယ်ကြပါနဲ့။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျမတို့ TeleHealth ကို ၆ နာရီကနေ ၁၂ နာရီအတွင်း ဆက်သွယ်လို့ရပါတယ်။”

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် စစ်အုပ်စုရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ မြန်မာပြည်သူတွေဟာ သိန်းနဲ့ချီ ရှိနေသလို နောက်ထပ်လည်း တနေ့ထက်တနေ့ ပိုပြီးတော့ များပြားလာနေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြည်သူတွေအတွက် အခမဲ့ တယ်လီကျန်းမာအစီအစဉ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက စတင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါအပါအဝင် ပြည်သူလူထုရဲ့ ကျန်းမာရေးပြဿနာတွေကို အကြံဉာဏ်ပေးတာတွေ ကုသမှုပေးတာတွေကို ပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ကိုဗစ်-၁၉ တတိယလှိုင်းမှာ စစ်အုပ်စုရဲ့ စစ်ကောင်စီဟာ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံခဲ့တာကြောင့် ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာတွေကြောင့် မဆုံးရှုံးသင့်တဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတယ်လို့ NUG အစိုးရစစ်တမ်းတခုက ဖော်ပြပါတယ်။

မဲဆောက်ရောက် မြန်မာများ တယ်လီကျန်းမာအစီအစဉ်နှင့် ဆက်သွယ်လိုပါက

ဖုန်းနံပါတ် - +66971985803

ဒါမှမဟုတ် ဖေ့စ်ဘွတ်ခ်စာမျက်နှာ-https://www.facebook.com/%E1%80%94%E1%80%9A%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%90%E1%80%9A%E1%80%BA%E1%80%9C%E1%80%AE%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC-TeleHealth-NMF-102600125814140

တို့သို့ ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013