
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲမှာရှိတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇၊ တပ်ရင်း ၁၉ တပ်ရင်းမှူးရဲ့ နေအိမ်ကို အောင်တိုဘာ ၃၁ ရက် ဒီနေ့ မနက်၁၀ နာရီလောက်မှာ စစ်အာဏာရှင်တပ်က ဗုံးသီး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
မြဝတီမြို့တောင်ဘက် သဲဖြူချောင်းဖျားဘက်ကိုလည်း ဒီနေ့ မွန်လွဲ ၁ နာရီလောက်မှာ စစ်တပ်က တိုက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချလို့ တလုံးပေါက်ကွဲပြီး တလုံးကတော့ ပေါက်ကွဲမှု မရှိဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်မှုတွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာမရှိဘူးလို့ သိရ ပါတယ်။
မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာမှာ အောင်တိုဘာ ၃၀ ရက်က စစ်အာဏာရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မြန်မာ-ထိုင်း နယ်စပ်က သဘာဝစက်လှေဂိတ်တွေနဲ့ လူ၊ ကုန်စည် ကူးသန်းသွားလာမှုတွေကို ထိုင်းအာဏာပိုင် တွေက ပိတ်ထားပါတယ်။
ဒါ့အပြင် အောင်တိုဘာ ၃၀ ရက်ညမှာ ထိုင်းစစ်တပ် ပူးပေါင်းအဖွဲ့တွေက ၂၄ နာရီအချိန်ပြည့် လုံခြုံရေး တင်းကျပ်ဆောင်ရွက်နေတယ်လို့ မဲဆောက်မြို့ခံတွေထံက သိရပါတယ်။
နယ်စပ်သောင်ရင်းမြစ်ကမ်းစပ်မှာ နေထိုင်တဲ့ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေးအတွက် ၂၄ နာရီ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ကင်းလှည့်နေပါတယ်။
ထိုင်းဘက်က သဘာဝဂိတ်ပိတ်ထားလို့ ဆုံဆည်းမြိုင်၊ ဝေါ်လေမြိုင်ရွာဘက်ကနေ မြန်မာ ရွာသား တွေ ထိုင်းဘက်ကို ဈေးသွားဝယ်ဖို့ အခက်ခဲရှိနေပါတယ်။
မြန်မာဘက်ကနေ ဈေးဝယ်လာသူတွေကို အားကိုးရောင်းနေရတဲ့ ထိုင်းနိုင်ငံ မဲဆောက် ဘက်မှာ လည်း ဈေးဝယ်လာသူနည်းပါးပြီး ခြောက်ကပ်နေတယ်လို့ ထိုင်းဈေးသည်တွေဆီက သိရပါတယ်။











