DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် တိုက်ပွဲများပြင်းထန်၊ စစ်ကောင်စီတပ်များ မိုင်းဆွဲခံရပြီး သေဆုံး
DVB
·
June 9, 2022
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် တိုက်ပွဲများပြင်းထန်၊ စစ်ကောင်စီတပ်များ မိုင်းဆွဲခံရပြီး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ ဇွန် ၉ ရက်က  စစ်ကောင်စီတပ်ဖွဲ့တွေကို  PDF ပူးပေါင်းအဖွဲ့တွေက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းပေါ်မှာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်မှုတွေရှိခဲ့ပြီး အရေအတွက် အတိအကျမသိရသေးကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကား ၁ စီးလည်း မိုင်းထိမှန် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၁ နဲ့ တောင်တွင်းမွေပြွေး (ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းပေါ်ရှိ နေရာ နှစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

“ပထမအကြိမ် တိုက်ခိုက်မှုဟာ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်လောက်ကဖြစ်ပြီး မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း ၈၉ မိုင် ၄ ဖာလုံ အရောက်မှာ အဝေးထိန်းမိုင်းဖြင့် တိုက်ခဲ့တာ။ စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်။ ဒုတိယအကြိမ်ကတော့ ညနေ ၃ နာရီဝန်းကျင်လောက်က ၈၈ မိုင် ၄ ဖာလုံအနီးမှာ တိုက်မိုင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာ။ အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီ ကား တစီး ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုတွေရှိပေခဲ့မဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူး။”

မိုင်းဆွဲတိုက်ခိုက်ခံရပြီးတိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကာ ဒုတိယအကြိမ် မိုင်းပေါက်ကွဲမှုအပြီး ပစ်ခတ်မှုကတော့ နာရီဝက်လောက်ကြာခဲ့ပေမဲ့ ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဇွန် ၇ ရက်က ကလေးမြို့ဘက်ကနေ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသဘက်ကို ထွက်ခွာလာခဲ့တာဖြစ်ပြီး ဇွန် ၉ ရက် နေ့လယ် ၁၂ နာရီလောက်မှာတော့ မြို့မကျေးရွာဘက်ကနေ ကျော်ရွာကျေးရွာဘက်ကို စစ်ကား ၄ စီးနဲ့ စစ်ကြောင်းထိုးလာချိန် အခုလို PDF ပူးပေါင်းအဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာလည်း စစ်ကောင်စီကားတန်းကို ဇွန် ၉ ရက် နေ့ခင်းပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နယ်မြေခံပြည်သူကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

အဆိုပါ ကားတန်းရှည်ဟာ ဂန့်ဂေါမြို့နယ်ဘက်ကနေ ပုလဲမြို့နယ်အတွင်း ဖြတ်သန်း ဝင်ရောက်လာရာမှာ အခုလို မိုင်းဆွဲခံခဲ့ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲအတွင်း ကိုယ်တိုင်ပါဝင်ခဲ့တဲ့ PDF တဦးက “သူတို့ကတော့ ထုံစံအတိုင်းပဲဗျာ။ ဂန့်ဂေါကနေ ဆင်းလာတယ်။ အဲဒီနောက် ခင်အေးရွာ၊ နတ်ထိပ်ရွာ စခန်းချ ညအိပ်တယ်။ ဒီနေ့မနက်ကျတော့ ပုလဲဘက်ကို ဆက်ထွက်လာတယ်။ အဲဒီလိုထွက်လာတာကို ကျနော်တို့အဖွဲ့တွေအနေနဲ့ ပုလဲ-ဂန့်ဂေါသွား တနေရာမှာ စောင့်ပြီး မိုင်းဆွဲခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီကားတန်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၀ ဦး ကျဆုံးပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အကျဆုံးမရှိဘူးလို့ ပုလဲမြို့နယ် စစ်အာဏာရှင် တော်လှန်ရေး ခေါင်းဆောင်တွေက ပြောပေမဲ့ စစ်ကောင်စီကျဆုံးစာရင်းကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

အခုစစ်ကောင်စီကားတန်းကို တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဟာ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ်၊ ပုလဲတပ်ရင်း (၂) နဲ့ People Revolution Army (PRA) အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာတော့ ချမ်းသာရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီတပ်နဲ့ နယ်မြေခံ စစ်အာဏာရှင်တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ ဇွန် ၈ ရက် မနက်ခင်း ၇ နာရီက တိုက်ပွဲဖြစ်ပွားတယ်လို့ စစ်အာဏာရှင်တော်လှန်ရေးတပ်ပေါင်းစု DRPA  တာဝန်ရှိသူတွေက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ရွာမိဿာရွာနဲ့ ညောင်လှမူးဆုံကြားမှာ ဖြစ်ခဲ့တာဗျ။ ကျနော်တို့က ကြိုတင်ပြင်ဆင်ပြီး စောင့်ကြိုတိုက်တာကြောင့် ကျနော်တို့အဖွဲ့တွေဘက်က အကျအဆုံး မရှိခဲ့ဘူးဗျ။ သူတို့ဘက်ကတော့ ၅ ယောက် ကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရသွားတယ်။”

စစ်ကောင်စီတပ် အကျအဆုံးစာရင်းကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို DVB အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုတိုက်ပွဲမှာ ဗိုလ်မုတ်ဆိတ်အဖွဲ့၊ Freedom Revolution Force (FRF) တပ်ဖွဲ့၊ DRPA တပ်ဖွဲ့၊ ရေဦးမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံခေါင်းဆောင်တွေက ပြောပါတယ်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း အနောက်‌ဂန့်ဂေါ ရှုံးရှီရွာအနီးမှာ ဇွန် ၈ ရက်‌‌က စစ်ကောင်စီတပ်တွေနဲ့ ဂန့်ဂေါ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်တို့ဘက်က PDF နှစ်‌ယောက်  ကျဆုံးတယ်။ သူတို့ဘက်ကတော့ ထိခိုက်ကျဆုံးမှု ရှိနိုင်ပေမဲ့ အတည်ပြုလို့မရခဲ့ဘူး။ တိုက်ပွဲက ပြင်းထန်ခဲ့တယ်။"

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ PDF တပ်သား ၂ ဦး ကျဆုံးခဲ့တယ်လို့ ဂန့်ဂေါ PDF က ပြောဆိုထားပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တဆက်တည်းမှာပဲ မနေ့ ဇွန် ၈ ရက်က ဂန့်ဂေါနယ်တိုက်ပွဲမှာ စစ်‌ကောင်စီတပ်သား အယောက် ၂၀ လောက် ကျဆုံးခဲ့သေးတယ်လို့ ဂန့်ဂေါ PDF ရဲ့ ပြောပြချက်အရ သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါနယ်ကို စစ်ကြောင်း ၃‌ ကြောင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး စစ်ကြောင်းတလျှောက် လမ်းဘေးရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်‌နေပါတယ်။

စစ်ကောင်စီဘက်ကတော့ မနေ့ နေ့လယ် ၁၂ နာရီလောက်က ဂန့်ဂေါမြို့ရဲ့ အနောက်ဘက်မှာ လုံခြုံရေးအဖွဲ့တွေ နယ်မြေရှင်းလင်းစဉ် PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့တွေ ထိခိုက်မှုမရှိဘဲ သေဆုံးနေတဲ့ PDF ၂ ဦးနဲ့အတူ တူမီးသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားပိုင်ပစ္စည်းတွေ အပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013