DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
June 9, 2022
ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
1 / 2
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ဇရပ်နီကျေးရွာကို ဇွန် ၉ ရက် ဒီမနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံရွာသားတွေနဲ့ PDFတွေက ပြောပါတယ်။ 

ဇရပ်နီရွာဒေသခံတယောက်က “ဆင်ခြေရာရွာမှာ ညအိပ်စခန်းချနေတဲ့ စစ်(...)တွေက ဒီနေ့မနက်အစောပိုင်းမှာ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ပြီး ဝင်လာတာဗျ။ ပြည်သူတွေကတော့ မနေ့ကတည်းက ဆင်ခြေရာရွာမှာ စစ်(...)တွေရောက်တယ်လို့ သတင်းကြားကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ ဒီကနေ့မနက်ပိုင်းမှာတော့ ရွာဘက်ကနေ မီးခိုးလုံးတွေ မီးတောက်တွေ တက်လာတာကို အဝေးကနေ လှမ်းမြင်ရတယ်။ စစ်(...)တွေ ရွာထဲမှာရှိနေသေးတော့ ဘယ်သူမှ မီးသွားမငြှိမ်းရဲကြဘူး” လို့ ပြောပါတယ်။

ဇရပ်နီကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိပြီး လောလောဆယ် အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရေစကြို-PDF တပ်ရင်း (၂) တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက “အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ဘက်ကနေ ပတ်မီးရှို့ပြီး ရေလယ်ကျွန်းဒေသကို ပြန်ဝင်လာတာဗျ။ အဲဒီစစ်(...)တွေဟာ ဆင်ခြေယာရွာမှာ ညအိပ်စခန်းချပြီး ဒီနေ့မနက် ၇ နာရီလောက်မှာ ဇရပ်နီရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး မိနစ် ၄၀ လောက်အကြာမှာ မီးရှို့ဖျက်ဆီးနေကြတာ။”လို့ပြောပါတယ်။

ရေစကြို-PDF တပ်ရင်း ၂ နဲ့ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ၄ ဖွဲ့ဟာ မေ ၇ ရက် မနက်ပိုင်းက တပ်မ ၁၀၁ လက်အောက် ရေစကြိုအခြေစိုက် ခလရ (၂၅၆)၊ (၂၅၈) တပ်ရင်း ၂ ရင်းကို လက်နက်ကြီးတွေနဲ့ အချက် ၂၀ ကျော် နာရီဝက်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီတပ်ရင်းထဲမှာ အိပ်မောကျနေတဲ့ စစ်(....)တွေ ဆောက်တည်ရာမရဖြစ်ပြီး အော်ဟစ်ပြေးလွှားနေတဲ့ ဆူညံသံတွေ ကြားရတယ်ဗျ။ တပ်ရင်းထဲကို အဝေးကနေ လှမ်းပစ်တာဆိုတော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို အတိကျမသိရပေမဲ့ သေဆုံးဒဏ်ရာရသူ ရှိနိုင်တယ်။ သူတို့ဘက်ကလည်း ရမ်းသန်းပြီး ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်” လို့ ဗိုလ်မှိုင်းတေဇက ပြောပါတယ်။

ရေစကြိုမြိုနယ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို မေ ၇ ရက်ကနေ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူတွေရဲ့ နေအိမ် ၁၅၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့တဲ့အပြင် စားနပ်ရိက္ခာတွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

အလားတူ ရေစကြိုမြို့နယ် ထန်းတောငယ်အုပ်စု သဲတောရွာကိုလည်း စစ်ကောင်စီတပ်က ဇွန် ၉ ရက် မနက် ၆ နာရီဝန်းကျင်က စတင်ဝင်ရောက်လာပြီးနောက် ရွာကို မီးရှို့နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်လောက်ဟာ မနက် ၆ နာရီဝန်းကျင်က ရွာထဲကို ရုတ်တရက် လက်နက်ကြီးတွေနဲ့ပစ်၊ သေနတ်တွေပစ်ဖောက်ပြီး ဝင်ရောက်လာကာ မနက် ၁၁ နာရီခွဲလောက်မှာ ရွာကိုမီးစရှို့နေတာဖြစ်ပြီး ရွာထဲမှာ မပြေးနိုင်ဘဲ ပိတ်မိကျန်ခဲ့သူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက "ဘာမှလည်းမဟုတ်ဘဲနဲ့ ရုတ်တရက် ဝင်စီးတာဆိုတော့ ပြေးချိန်မရလိုက်ဘဲ ကျန်နေသူတွေ ပိတ်မိ​နေတာရှိတယ်။ တောထဲကိုလည်း လက်နက်ကြီးတွေနဲ့ပစ်ပြီး တောနင်းရှာနေတယ်" လို့​ ပြောပါတယ်။

သဲတောရွာက အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်က အရင်က စစ်ကြောင်းထိုးဖူးပေမဲ့ အခုမှ ရွာကို မီးစရှို့နေတာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013