DVB Logo
Home
မြန်မာသတင်း
မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားရန် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တောင်းဆို
DVB
·
June 9, 2022
မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားရန် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တောင်းဆို
Donate to DVB

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ရွေးကောက်ခံအရပ်သားအစိုးရ အာဏာရတဲ့အထိ မြန်မာ အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့နဲ့  နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က တောင်းဆိုလိုက်ပါတယ်။

“ငြင်းပယ်ခံပြည်သူများ၏ဘဝများ” -မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံလူမှုအသိုက်အဝန်းများ ရင်ဆိုင်ရသော အကာကွယ်ပေးမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများလို့ အမည်ပေးထားတဲ့ အစီရင်ခံစာကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က  ဇွန် ၈ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

ရွာသူရွာသားတွေ၊ ဒေသခံခေါင်းဆောင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံမေးမြန်းထားချက်တွေကို အခြေပြုထားတဲ့ အဲဒီအစီရင်ခံစာမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ ဒေသခံပြည်သူတွေဟာ သူတို့ရဲ့ ဘဝလုံခြုံရေးအတွက် လိုအပ်တဲ့ အကာအကွယ်တွေနဲ့ ကူညီထောက်ပံ့မှုတွေမရရှိဘဲ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးဆိုင်ရာပြဿနာတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။

အစာရေစာ အလွန်အမင်းရှားပါးခြင်း၊ ဆေးဝါမလုံလောက်ခြင်း၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ အလုံအလောက်မရရှိခြင်းဟာ စစ်ကောင်စီတပ်ဖွဲ့တွေက တိုင်းရင်းသားဒေသတွေကို အနိုင်ကျင့်ခြိမ်းခြောက်ပြီး ပိတ်ဆို့ထားကြတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း နေထိုင်ကြသူတွေဟာ ဘဝရှင်သန်ရပ်တည်ရေးအတွက် အရေးပါတဲ့ အကူအညီတွေနဲ့ မရှိမဖြစ်လိုအပ်နေတဲ့ အထောက်အပံ့ပစ္စည်းတွေ မရရှိနိုင်ဘဲ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တားဆီးမှုတွေကြောင့် တိုက်ခိုက်မှု၊ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတဲ့နေ ရာတွေမှာပဲ ပိတ်မိနေကြသလို စစ်ကောင်စီတပ်ဖွဲ့တွေက နယ်စပ်တလျှောက်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်နဲ့ လုံခြုံတဲ့အကာအကွယ်တွေ မရအောင်လည်း တားဆီးပိတ်ဆို့ထားကြတယ်လို့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေသခံရွာသူရွာသားတွေအတွက် လိုအပ်တဲ့ အစားအစာ၊ နေစရာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးအကူအညီတွေကို ဒေသတွင်းကျွမ်းကျင်သူတွေ၊ တိုင်းရင်းသားဝန်ဆောင်မှုပေးသူတွေ၊ ဒေသခံလူမှုအသိုင်းအဝိုင်းတွေ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ပြေးရင်းလွှားရင်း ထောက်ပံ့ပေးနေကြပေမဲ့ သူတို့ရဲ့လုပ်ငန်းတွေအတွက် အရေးကြီးတဲ့ ရန်ပုံငွေတွေကိုတော့ မရကြသေးဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်တွေ ကူညီထောက်ပံ့မှုတွေမရအောင် စစ်ကောင်စီတပ်ဖွဲ့တွေက  ပိတ်ဆို့ထားတာ၊ ရန်ပုံငွေမလောက်ငတာနဲ့  ကူညီထောက်ပံ့မှုတွေမရအောင် တားမြစ်ထားတဲ့ အာဏာရှင်ကြိုးနီ စနစ်တွေကြားမှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းနီးပါး ကရင်ပြည်နယ်တွင်းမှာ ပိတ်မိနေတယ်လို့ KHRG ရဲ့ ပရိုဂရမ် ဒါရိုက်တာ နော်ထူးထူးက  ပြောပါတယ်။

ဒေသခံပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးတွေ ဆောင်ရွက်ရာမှာ စစ်ကောင်စီဘက်က ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်အောင်စီစဉ်ဖို့နဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေကို စစ်ကောင်စီကနေတဆင့် မပေးပို့ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ NGO တွေ၊ ရန်ပုံငွေရှာဖွေရေးအေဂျင်စီတွေ၊ ဒေသခံအစိုးရနဲ့ နိုင်ငံတကာအစိုးရတို့ကို KHRG က တောင်းဆိုလိုက်ပါတယ်။

ကူညီထောက်ပံ့ရေးရန်ပုံငွေတွေကိုလည်း ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေဆီ တိုက်ရိုက်ရောက်ရှိနိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်စေလိုကြောင်း၊ နယ်မြေချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း ဒုက္ခသည်စခန်းတွေမှာ လာရောက်ခိုလှုံမယ့် စစ်ဘေးရှောင်ပြည်သူတွေကို မတားဆီးဘဲ နယ်စပ်တွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကူညီပေးဖို့ တောင်းဆိုထားပါတယ်။

ထောက်ပံ့ရေးပစ္စည်းတွေ နယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံတွင်းကို သယ်ယူပို့ဆောင်နိုင်ဖို့ကိုလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်မှာ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်ပေးကြဖို့၊ ပြည်သူတွေရဲ့လုံခြုံရေးကို အာမခံပေးနိုင်တဲ့ နိုင်ငံတကာအသိအမှတ်ပြုစခန်းနေရာတွေ ဖန်တီးပေးကြဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးဖို့ ဆောင်ရွက်မယ့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးပြီး စစ်ကောင်စီကို အပြစ်ပေးနိုင်မယ့် နည်းလမ်းအထောက်အထားတွေကိုလည်း ထပ်မံရှာဖွေသွားမှာဖြစ်တယ်လို့ KHRG ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၇ သိန်းနီးပါး ပါဝင်နေကာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀,၀၀၀ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013