DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်း ၁ ဦး မော်လမြိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
June 9, 2022
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်း ၁ ဦး မော်လမြိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ
1 / 4
Donate to DVB

ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတခုဖြစ်တဲ့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့   ဝန်ထမ်းတယောက်ဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ WHO မြန်မာရုံးက ဒီကနေ့ အတည်ပြု သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်ဟာ ဇွန် ၈ ရက် မနေ့ညနေ ၅ နာရီဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာဖြစ်ကာ သေဆုံးသူရဲ့ အမည်ကိုတော့ ဦးမျိုးမင်းထွဋ်လို့ ဖော်ပြထားပါတယ်။

ဦးမျိုးမင်းထွဋ်ဟာ WHO မြန်မာရုံးမှာ ၅ နှစ်နီးပါး ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကာ အခင်းဖြစ်တဲ့နေ့က သူ့ရဲ့ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်စီးနင်းပြီး ရုံးကနေ အိမ်အပြန် သံလွင်ဥယျာဉ်လမ်းမှာ သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်အခြေအနေကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ခုလိုသေဆုံးမှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မြန်မာရုံးက လုပ်ဖော်ကိုင်ဖက်ရဲ့ မိသားစုနဲ့ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရကြောင်းလည်း ဖော်ပြထားပါတယ်။

မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်အနီးမှာ ဇွန် ၈ ရက် ညနေ ၆ နာရီလောက်က ဦးမျိူးမင်းထွဋ်ဟာ သေနတ်ဒဏ်ရာ ၅ ချက်ရရှိပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ဦးမျိုးမင်းထွဋ်ဟာ စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဆွေးမျိုးတော်စပ်သူဖြစ်ပြီး သူ့ကို မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ ဦးမျိုးမင်းထွဋ်ဟာ မြို့အတွင်း ဧည့်စာရင်းဝင်ရောက် စစ်ဆေးရာမှာ ဦးဆောင်ပါဝင်တာ၊ စစ်ကောင်စီ သတင်းပေး ဒလန်လုပ်တာ၊ CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်နေတဲ့အတွက် ရှင်းလင်းရတာလို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ စွပ်စွဲချက်တွေနဲ့ မှန်ကန်မှုရှိမရှိနဲ့ ပတ်သက်ပြီး ဦးမျိုးမင်းထွဋ် ရဲ့ မိသားစု အသိုက်အဝန်းဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင် ခြင်း မရှိသေးပါဘူး။

ဦးမျိုးမင်းထွဋ် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်က မော်လမြိုင်မြို့အတွင်း ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို လမ်းသွားလမ်းလာပြည်သူတွေကို ရိုက်နက် စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၉ ရက်ကစပြီး မော်လမြိုင်မြို့ပေါ်မှာ လုံခြုံရေး တင်းကျပ်လာသလို မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်ဆေးမှုတွေ ပိုမို တင်းကျပ်လာပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားတဲ့ကာလဟာ ၁၅ လကျော်  ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေသလို တောရောမြို့ပါမကျန် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေက အပြစ်မဲ့ပြည်သူတွေကို အဓမ္မ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေပါမချန် ပစ်ခတ်သတ်ဖြတ်တာတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ ကြက်ခြေနီတပ်ဖွဲ့တွေ၊ ကုလအေဂျင်စီဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကိုပါ ပစ်ခတ် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်တဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို နိုင်ငံတကာ တောင်းဆိုနေတဲ့ကြားက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကုန်ပိုင်းလောက်က ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့  အကြမ်းဖက်တိုက်ခိုက်မီးရှို့မှု ဖြစ်စဉ်မှာ Save the Children ရဲ့  ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၀၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၀၄၆ ယောက်ထိ ရှိလာခဲ့ပြီလို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013