ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာအနီးမှာ ဇွန် ၉ ရက် ဒီနေ့မနက်ပိုင်းက တောဆင်ရိုင်းတကောင် သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
တောဆင်ရိုင်း သေဆုံးနေတာက ရွာရဲ့အရှေ့ဘက် တမိုင်လောက်အကွာက ဥယျာဥ်ခြံတခုမှာ သေဆုံးနေတာလို့ ဆိုပါတယ်။
တောရိုင်းဆင် သေဆုံးနေတာဟာ လူသတ်ထားတဲ့ပုံမဟုတ်ဘဲ အချင်းချင်းတိုက်ခိုက်လို့ သေဆုံးတာမျိုး ဖြစ်နိုင်တယ်လို့ အောင်မင်္ဂလာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ပြောပါတယ်။
"သေဆုံးနေတဲ့ဆင်မှာ ဒဏ်ရာက ဝမ်းဗိုက်အောက်မှာဖြစ်တယ်။ လူသတ်တာတော့ မဟုတ်နိုင်ဘူး။ သူတို့အချင်းချင်း တိုက်ခိုက်ပြီး သေသွားတာ ဖြစ်နိုင်တယ်။"
အခုသေဆုံးသွားတဲ့ဆင်ဟာ အဖိုဖြစ်ပြီး မောင်တောမြို့နယ် သစ်တောဦးစီးဌာနကို အကြောင်းကြားထားကာ သစ်တောဦးစီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်သွားမယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ရှိ မေယုတောင်တန်းမှာ တောရိုင်းဆင်တချို့ ကျက်စားနေပါတယ်။