
ဧရာဝတီတိုင်းမှာ နွေစပါးစပေါ်ချိန် စပါးတင်း ၁၀၀ ကို ကျပ် ၁၁ သိန်းအထိ ရုတ်တရက် ကျဆင်းသွားတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။
ဧရာဝတီတိုင်းမှာ မတ်လဟာ နွေစပါးအသစ်တွေ စတင်ရိတ်သိမ်းနေတဲ့အချိန် ဖြစ်ပြီး လက်ရှိ နွေစပါးအသန့် တင်း ၁၀၀ ကျပ် ၁၁ သိန်းအထိသာ ဈေးရှိပြီး ပြီးခဲ့တဲ့ မိုးစပါးပေါ် ချိန် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေက မိုးစပါးအသန့် တင်း ၁၀၀ ကျပ် ၁၄ သိန်းကျော်အထိ ဈေးပေါက်ခဲ့တယ်လို့ သိရပါတယ်။
ကျိုက်လတ်မြို့နယ်က တောင်သူတယောက်က “စပါးအသစ်ပေါ်တာနဲ့ ဈေးက ကျတာပဲ။ အခု တောင်သူတွေစိုက်တာများတဲ့ စပါး တင်း ၁၀၀ ကျပ် ၁၁ သိန်းအထိ ကျသွားတယ်။ ဈေးက ၁၁ သိန်း ဆိုပေမဲ့ ဝယ်ယူသူက ပါးနေတယ်။ စပါးဈေး ၁၁ သိန်းက စပါးရှယ်သန့် ဖုံ၊ သဲ၊ ခဲ မပါမှရတာ။ ကိုယ့်လယ်ယာထွက်ကုန်က ဈေးမတက်ဘူး။ ကိုယ်ဝယ်သုံးရတဲ့ စက်သုံးဆီ အပါအဝင် လယ်ယာသွင်းအားစုတွေကျ၊ ဈေးက ခေါင်ခိုက်နေတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ဒေသမြေအနေအထား၊ အထွက်နှုန်း၊ စပါးအရည်အသွေးနဲ့ ဈေးကွက်မျှော်မှန်းပြီး ဒေသခံ တောင်သူတွေ အဓိက စိုက်ပျိုးကြတဲ့ GW 11 စပါး၊ ထိုင်းဘေးကြား၊ ဗီယက်နမ်နဲ့ နယူးဧရာ၊ ဗျောသုခ၊ အညာသား၊ ရက် ၉၀၊ ဆင်းသုခ၊ နှံကောက် စတဲ့ နွေစပါးတွေ အပါအဝင် တင်း ၁၀၀ ကို ကျပ် ၁၁ သိန်းအထိ ဈေးကျဆင်းနေတာလို့ သိရပါတယ်။
ဧရာဝတီတိုင်းက ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “စပါးဈေးကျဆင်းနေရတဲ့ အဓိကအချက်က ပြည်ပဆန်ဈေးကွက် ကျဆင်းနေပြီး မြန်မာက ဆန်တင်ပို့မှု လျော့ကျနေတဲ့ အတွက်ပါ။ စစ်ရေးအခြေအနေတွေကြောင့်လည်း ပါတယ်။ ဆန်ကုန်သည်ကြီးတွေက ဆန်ဝယ်ယူမှုတွေ ရပ်ထားတယ်။ ကုန်သည်၊ ဝယ်လက်၊ ဆန်စက်တွေက စပါးဝယ်ယူမှု လျော့ကျလာတဲ့ အခြေအနေတွေကြောင့် ဖြစ်တယ်” လို့ ပြောပါတယ်။
လက်ရှိ မြင့်တက်နေတဲ့ လယ်ယာစိုက်ပျိုးရေးသွင်းအားစု၊ ကုန်ဈေးနှုန်းနဲ့ ကုန်ကျစရိတ်တွေ ကုန်ကျမှုနဲ့ နှိုင်းယှဉ်တွက်ချက်ပါက ပျမ်းမျှ စပါးတင်း ၁၀၀ ကို ကျပ် ၁၇ သိန်းနဲ့အထက် ဈေးရရှိမှ တောင်သူတွေ အဆင်ပြေမယ်လို့ ဆိုပါတယ်။
အရင် ၂၀၂၄ ခုနှစ် နွေစပါးအသစ်တွေ ပေါ်ချိန်က စပါးအသစ် တင်း ၁၀၀ ကို အနိမ့်ဆုံး ငွေကျပ် ၁၈ သိန်းအထိ ဈေးရှိခဲ့ပြီး တဖြည်းဖြည်း စပါးဈေး ကျဆင်းလာကာ ၂၀၂၅ ခုနှစ်က နွေစပါးအသစ် တင်း ၁၀၀ ကို ကျပ် ၁၅ သိန်းအထိ ဈေးကျဆင်းလာခဲ့ပြီး အခု ၂၀၂၆ ခုနှစ် နွေစပါးအသစ် စတင်ပေါ်ချိန်မှာ စပါးတင်း ၁၀၀ ကျပ် ၁၁ သိန်းအထိ စံချိန်တင် ဈေးကျတဲ့အထိ ဖြစ်လာတာလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းက ဒေသခံတွေဟာ ဆန်စပါးကို အများဆုံး စိုက်ပျိုးထုတ်လုပ်ကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ တိုင်းဒေသကြီးတခုဖြစ်ပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းကျော်နဲ့ နွေစပါး စိုက်ဧက ၁၅ သိန်းကျော်အထိ နှစ်စဉ် စိုက်ပျိုးနေတယ်လို့ သိရပါတယ်။










