DVB Logo
Home
မြန်မာသတင်း
အရပ်ဘက်အဖွဲ့အစည်း အမည်ခံ၍ စစ်ကောင်စီနှင့် ဆွေးနွေးရေး လုပ်ဆောင်နေမှု ကန့်ကွက်ရှုတ်ချ
DVB
·
June 8, 2022
အရပ်ဘက်အဖွဲ့အစည်း အမည်ခံ၍ စစ်ကောင်စီနှင့် ဆွေးနွေးရေး လုပ်ဆောင်နေမှု ကန့်ကွက်ရှုတ်ချ
Donate to DVB

စစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းဖို့ အရပ်ဘက်အဖွဲ့အစည်းအမည်ခံပြီး လှုပ်ရှားဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ ကန့်ကွက်ရှုတ်ချတဲ့အကြောင်း  စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ သပိတ်စစ်ကြောင်းတွေ၊ သမဂ္ဂတွေ၊ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၈၅ ဖွဲ့က ပူးပေါင်းကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေ၂၆ ရက်က ရန်ကုန်မြို့ ဟိုတယ်တခုမှာ ပြည်တွင်းရှိ CSO အမည်ခံအဖွဲ့တချို့က ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီ အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် (CNPFD) ဖွဲ့ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်သွား မယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို CSO အမည်ခံပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာတွေ့ဆုံခဲ့ကြတာနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၈၅ ဖွဲ့က ဇွန် ၇ ရက်က သဘောထားထုတ်ပြန်ပြီး ကန့်ကွက်ရှုတ်ချလိုက်တာပါ။

ကန့်ကွက်ရှုတ်ချတဲ့အဖွဲ့ ၁၈၅ ဖွဲ့မှာ ပါဝင်တဲ့ Myanmar Cultural Research Society (MCRS)အဖွဲ့မှ ကိုရဲဟိန်းအောင်က “အခုနွေဦးတော်လှန်ရေးတလျှောက်မှာ ကျနော်တို့အရပ်ဘက် အဖွဲ့အစည်းတွေက လူ့အခွင့်အရေးတွေ၊ ဖိနှိပ်ခံရတာတွေ၊ ပတ်သက်ပြီး အဘက်ဘက်ကို ထောက်ပြတယ်။ ဆန့်ကျင်ကြတယ်။ အဲဒီလိုထောက်ပြခဲ့ပေမဲ့၊ အခု အရပ်ဘက်အဖွဲ့အစည်းတွေက ဘယ်လိုလဲ၊ ဘယ်လိုရပ်တည်ကြတာလဲ ဆိုတာနဲ့ပတ်သက်ပြီး ပြည်သူတွေကမေးလာပြီ။ အဲ့ဒါကြောင့် ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းဆိုတာ  အာဏာရှင်ဟူသမျှကို တိုက်ထုတ်တာ၊ ဖိနှိပ်မှုမှန်သမျှကို တိုက်ထုတ်တာ၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်တာ၊ လွတ်လပ်တာ၊ တရားမျှတတာ၊ တန်းတူအခွင့်အရေးစတာတွေကနေ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်ဖို့ ရည်သန်တယ်၊ ဒီအတိုင်းပဲ ဆက်လက်ရပ်တည်သွားမယ်ဆိုတဲ့အကြောင်းကို တင်ပြချင်တဲ့အတွက် ဒီကြေညာချက်ကို ထုတ်ပြန်တာ”လို့ ပြောပါတယ်။

လက်ရှိ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာရှိရမယ့် ဒီမိုကရေစီ စံတန်ဖိုးတွေနဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း အကြမ်းဖက်ချိုးဖောက် ကျုးလွန်ခဲ့ရုံသာမက  လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) အပါအဝင် ရာဇဝတ်မှုပေါင်းများစွာကို ဆိုးရွားစွာကျူးလွန်နေသူတွေဖြစ်တယ်၊ ဒီလို အကြမ်းဖက်အဖွဲ့ကို  နိုင်ငံရေးရလဒ်တစ်ခု ပေါ်ထွက်စေဖို့ ဆွေးနွေးညှိနှိုင်းဖို့ ကြိုးပမ်းတဲ့ ဘယ်အဖွဲ့ ဘယ်လှုပ်ရှားမှုကိုမဆို လူထုအပေါ် အဆိုပါအကြမ်းဖက်အဖွဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို မျက်ကွယ်ပြုရာရောက်လို့ အတိအလင်း ရှုတ်ချတယ်လို့ အရပ်ဘက်အဖွဲ့အစည်း  ၁၈၅ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လူထုအကျိုး ရှေးရှုလုပ်ဆောင်တာမဟုတ်တဲ့ လုပ်ရပ်တွေကို အရပ်ဘက်လူထုအဖွဲ့အစည်းလို့ ခေါင်းစဥ်တပ် လုပ်ဆောင်တာမျိုးတွေ ရပ်တန့်ဖို့လည်း  တောင်းဆိုထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် (CNPFD)က ဆက်သွယ်မေးလို့ရမဲ့ ဖုန်းနံပါတ် ၂ လုံးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ခဲ့ပါဘူး။ သူတို့ ဖေ့ဘုတ်စာမျက်နှာကနေ တက်ရောက်မေးမြန်းခဲ့တဲ့အခါမှာလည်း အခုအချိန်မှာ ဖြေကြားပေးဖို့အစီစဉ်မရှိဘူးလို့ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013