
ကေအန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်၊ လက်ပံရွာနဲ့ ဘိုက္ကားကျေးရွာကြားမှာ ဇွန် ၇ ရက် မနက် ၈ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်းကို KNLA တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်သေပြီး ၁၅ ယောက် ဒဏ်ရာရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအပြည့် တင်ဆောင်လာတဲ့စစ်ယာဉ်တန်းဟာ ပဲခူးကနေ သထုံဘက်ကို ဦးတည်မောင်းနှင်းလာတာဖြစ်ပြီး ဒေါင်းတောင်အရောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ မြေပြင်တပ်မှူးထံက သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ယာဥ်တန်းပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး KNLAနဲ့ပူးပေါင်းတပ်ဖွဲတွေဟာ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန်လ ပထမပတ်အတွင်းမှာ ကေအန်ယူ-တပ်မဟာ ၁ သထုံခရိုင်အတွင်း စစ်ကောင်စီ လက်အောက်ခံတပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်အင်အားတိုးချဲ့လာတာတွေကြောင့် နယ်မြေခံ KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ မကြာခဏ ပစ်ခတ်မှုတွေဖြစ်ပွားနေတာပါ။
ဇွန် ၆ ရက်က စစ်ကောင်စီရဲ့ ခမရ ၉ တပ်ရင်းက စီယော်တပ်စခန်းကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ဝီယော်ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၄ က ဒေသခံအရပ်သားပြည်သူတွေ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Photo- KNU