DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စက်သုံးဆီဂယက်ကြောင့် CNG တက္ကစီအုံနာကြေးတိုးမြှင့်၊ တက္ကစီငှားခ မြင့်တက်
DVB
·
June 8, 2022
ရန်ကုန်တွင် စက်သုံးဆီဂယက်ကြောင့် CNG တက္ကစီအုံနာကြေးတိုးမြှင့်၊ တက္ကစီငှားခ မြင့်တက်
Donate to DVB

စက်သုံးဆီစျေးနှုန်း မြင့်တက်လာတဲ့ အကျိုးဆက်ကြောင့် CNG သုံး တက္ကစီ အငှားယာဉ်ပိုင်ရှင်တွေက အုံနာကြေးကို တရက်လျှင် ကျပ် ၂၀,၀၀၀ အထိ တိုးမြှင့်လာကြတယ်လို့ CNG နဲ့အသုံးပြုနေတဲ့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

ရန်ကုန်စက်သုံးဆီစျေးကွက်မှာ ဓာတ်ဆီအမျိုးအစားက အရောင်းဆိုင်တိုင်းမှာ ရောင်းချပေးနိုင်ခြင်း မရှိတဲ့အပြင် စျေးနှုန်းကလည်း တလီတာကို အမျိုးအစားအပေါ် မူတည်ပြီး ကျပ် ၂၂၀၀ ကျော် မှ ၂၃၀၀ ကျော်အထိ ရှိလာပါတယ်။

ဒါကြောင့် အငှားယာဉ်မောင်းတွေက စျေးကွက်မှာ စက်သုံးဆီစျေးနှုန်း မြင့်တက်လာမှုနဲ့အတူ ရှားပါးလာတဲ့ ပြဿနာ အခက်အခဲကြောင့် CNG သုံး အငှားယာဉ်တွေကို ဦးစားပေး လိုက်လံ ရှာဖွေလာတဲ့အတွက် CNG သုံး အငှားယာဉ်ပိုင်ရှင် တွေက အုံနာကြေးကို အရင်နှုန်းထားထက် တိုးမြှင့်လာတာပါ။

CNG သုံးအငှားယာဉ်မောင်းတဦးက “ဆီစျေးတွေ တက်သွားတော့ အုံနာကြေးကို တိုးတောင်းတာပေါ့။ အုံနာကြေးက ကားအပေါ်မှာတော့ မူတည်တယ်။ ကားကောင်းရင် ကောင်းသလို၊ ကားစုတ်ရင် စုတ်သလိုပေါ့။ CNG ကား အုံနာကြေးက အရင် တရက်ကို တသောင်း နဲ့ တသောင်းခွဲ ကြားပဲ ရှိတာ။ အခုတော့ တရက်ကို တသောင်းခွဲနဲ့ နှစ်သောင်းကြားမှာ ရှိတယ်။ တခုအားသာချက်က ဆီကားထက်စာရင် ခရီးသည်ကို တနေကုန်ပတ်ပြီး ရှာနေလို့ရတယ်။ ဒါပေမဲ့ ဂတ်စ်ကိုတော့ နှစ်ကြိမ် ခွဲထည့်ပေး ရတယ်။ တခါထည့်ရင် ကျပ် ၂၅၀၀ နဲ့ တကြိမ် ထည့်ထားလိုက်လို့ရှိရင် တမနက်တော့ ကောင်းကောင်းသုံးလို့ရတယ်။ ဒါကြောင့်ဘဲ အုံနာကြေးက ဆီကားနဲ့ယှဉ်ရင် နှစ်ဆကျော်လောက် ရှိနေတာ။ ဒါပေမဲ့ အုံနာကြေးကျေအောင်တော့ လောလောဆယ်ပြန်ရှာလို့ ရနေသေးတယ်။ ဆီကားကတော့ အုံနာကြေးက တရက်ကို ကျပ် ၇၀၀၀ နဲ့ ၈၀၀၀ ကြားပဲရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တဘက်မှာ စက်သုံးဆီစျေး မြင့်တက်လာတဲ့အတွက် အငှားယာဉ်တွေရဲ့ စျေးနှုန်းကလည်း လိုက်ပါပြောင်းလဲလာတာကြောင့် တက္ကစီ အသုံးပြုသူတွေက ဆီကားထက် CNG ကားကို ဦးစားပေးရွေးချယ်ပြီး အသုံးပြုလာကြပါတယ်။

တက္ကစီကို ပုံမှန်အသုံးပြုနေရတဲ့သူ တဦးက “အရင်က ကျပ် ၁၀၀၀ ၊ ၁၅၀၀ သာရှိတဲ့ ခရီးကို အခုဆိုရင် ကျပ် ၂၅၀၀ တောင်းကြတာနော်။ ဆီစျေးတက်လို့ပါ ဆိုပြီးတော့လေ။ ဆီစျေးတက်တာလည်း သိပါတယ်။ ဒါပေမဲ့ ကိုယ့်မှာလည်း အတိုင်းအထွာနဲ့လေ။ အဲ့တော့ အရေးမကြီးဘူး။ အချိန်ပေးနိုင်တယ်ဆိုရင် ဂတ်စ်ကားကိုပဲ စောင့်ပြီး စီးတော့တယ်။ ဘာလို့လဲဆို ဂတ်စ်ကားနဲ့ ဆိုရင် ၆၀၀၀ တောင်းတဲ့ ခရီးကို ၄၀၀၀ နဲ့ သွားလို့ရတယ်။ သူ့အတွက်လည်း အဆင်ပြေသလို ကိုယ်လည်း အဆင်ပြေတယ်လေ”လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆီသိုလှောင်ကန်တွေမှာ ဇွန်လ ၁၆ ရက်အထိ စက်သုံးဆီ အလုံအလောက် ရှိတဲ့အကြောင်း ဇွန်လ ၁ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဒီကနေ့အထိ ဓာတ်ဆီအမျိုးအစားအားလုံး ရောင်းချပေးနိုင်တဲ့ အရောင်းဆိုင်က ရှားပါးနေလို့ ဓာတ်ဆီအသုံးပြုတဲ့ယာဉ်ပိုင်ရှင်တွေဟာ ခက်ခက်ခဲခဲနဲ့ လိုက်လံရှာဖွေနေရဆဲ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013