DVB Logo
Home
မြန်မာသတင်း
၄၉၂၆ စစ်ဆင်ရေး တလအကြာ ရခိုင်တွင် အရပ်သား သေဆုံးသူ အနည်းဆုံး ၇၅ ဦးရှိလာ
ကေခိုင်
·
October 7, 2026
Photo : ဝေဟင်အောင်
Photo : ဝေဟင်အောင်
Donate to DVB

စစ်အာဏာရှင်တပ်ရဲ့ “၄၉၂၆” စစ်ဆင်ရေးစပြီး တလအကြာ ရခိုင်‌ဒေသမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၇၅ ယောက်ထက်မနည်း ရှိလာနေပါပြီ။

တဖက်မှာလည်း လူမှုပရဟိတအဖွဲ့တွေရဲ့ နေရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာနေပြီး အသက်အန္တရာယ် မလုံခြုံမှုတွေကြားကနေ သက်စွန့်ဆန်ဖျား ကူညီလုပ်ဆောင်နေတယ်လို့ ဒေသတွင်းကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။ 

စစ်အာဏာရှင်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစပြီး “၄၉၂၆ စစ်ဆင်ရေး” အမည်နဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ပြီး အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဒါပေမဲ့ မြေပြင်ထိုးစစ် အထိအခိုက်အကျအဆုံးများပြီး စစ်ရှုံးလာတာနဲ့အမျှ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကိုမကျန် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။

ဒါကြောင့် ဒီစစ်ဆင်ရေးစတင်ပြီး တလအကြာမှာ ရခိုင်ပြည်နယ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၇၅ ယောက်ထက်မနည်းရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀ နီးပါးရှိလာပြီ ဖြစ်ပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၅ ယောက်၊  အမျိုးသား ၄၁ ယောက်၊ အတည်မပြုနိုင်သေးသူ ၉ ယောက် နဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ယောက် ပါဝင်နေပါတယ်။

အလားတူ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင် ၈ ယောက် သေဆုံးခဲ့ရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့်  စေတနာ အာရက္ခပြည်သူ့အကျိုးပြုဆေးခန်းက စေတနာ့ဝန်ထမ်း ၁၂ တန်းကျောင်းသူ မခိုင်သဇင်စိုးမှာ ဦးခေါင်း ပြင်းထန်ဒဏ်ရာရရှိပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။  

မိသားစုနဲ့ နီးစပ်သူတယောက်က “ဒီစေတနာ့ဝန်ထမ်းဝမ်းတယောက် ဆုံးရှုံးသွားရတော့ ကျနော်တို့အတွက် တော်တော်လေးကို ကြီးမားတဲ့ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ ဒေါက်တခု ကျိုးသွားသလိုပဲပေါ့နော်။ လေယာဉ်စပြီးတော့လာတယ် ဆိုတာနဲ့ ပထမဆုံး တိုက်ခိုက်ခဲ့တဲ့နေရာက အဲဒီဆေးခန်းနေရာ ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ အဲဒီကလေးမက ဗုံးတွင်းထဲ ဝင်ချိန်မမီလိုက်ဘူးပေါ့နော်။ သူ့ရှေ့မှာကျတာ ဖြစ်တဲ့အတွက် ခေါင်းမှာ ဒဏ်ရာရပြီးတော့မှ သေဆုံးသွားတာ ရှိတယ်။ ဒီနေရာကို လာပြီးတော့မှ ပစ်ခတ်မှုဟာ တော်တော်လေးကို စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချတယ်။ အခုဆိုရင် လုံးဝကို လုံခြုံတယ်လို့တောင် မခံစားရတဲ့အနေအထားပေါ့နော်” လို့ ပြောပါတယ်။

အခုလို စစ်အာဏာရှင်တပ်ရဲ့ ပရဟိတဆေးရုံဆေးခန်းတွေပါမချန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့်  ပရဟိတလုပ်ငန်းတွေပါ ပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်။

တဖက်မှာလည်း ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရာမှာ အရေးပေါ်ယာဉ် မလုံလောက်တာ၊ သတင်းရရှိမှု နောက်ကျတာနဲ့ လမ်းခရီးကြန့်ကြာတာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လူမှုပရဟိတလုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒါ့အပြင် လေကြောင်းဗုံးကြဲမှုကြောင့် ဆေးရုံ ဆေးခန်းတွေကို ‌ရွေ့လျားနိုင်တဲ့ (mobile) စနစ်လိုမျိုးသာ ဆောင်ရွက်နိုင်တာကြောင့် ဆေးဝါးနဲ့‌ ဆေးဘက်ဆိုင်ရာပစ္စည်း မလုံလောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။  

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယဈေးနဲ့ ဂစ္ဆပနဒီတံတား ဗုံးကြဲမှုဖြစ်စဉ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေနဲ့ မွတ်ဆလင်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၅၁ ယောက်ထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေနဲ့ ပတ်သက်ပြီး လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့က အမှုဆောင် ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက “စကမ တပ်တွေကနေ စစ်တွေ ထိုးစစ်မှာ သူတို့ ထင်သလောက် ခရီးမပေါက်တဲ့အပြင်ကို သူတို့ဘက်ကတောင်မှပဲ ပြန်ပြီးတော့ တန်ပြန်ခြိမ်းခြောက်ခံနေရသလို ဖြစ်တာပေါ့နော်။ အဲဒီအခါမှာ သူတို့က အာရက္ခတပ်တော်ဘက်ကို ပြန်ပြီးတော့မှ ဖိအားပေး တိုက်ခိုက်လိုတဲ့ပုံစံမျိုးကို သူတို့ စဉ်းစားတယ်ပေါ့နော်။ အရပ်သားရှိတဲ့နေရာတွေကိုပါ စစ်မျက်နှာတခုလို့ သတ်မှတ်ပြီးတော့ တိုက်ခိုက်လာတဲ့အခါကျတော့ ကျနော်တို့လည်း သူတို့အတွက်ကို ပစ်မှတ်က အချိန်မရွေး ဖြစ်သွားနိုင်တယ်ပေါ့နော်။ ဒါကိုတော့ ကျနော်တို့လည်း နှလုံးသွင်းထားတယ်။ ဒါပေမဲ့လည်း အကောင်းဆုံးတော့ အကာအကွယ်ယူနိုင်ဖို့ကို လေ့ကျင့်ထားတာတော့ ရှိပါတယ်။ ဒါပေမဲ့လည်း လုံးဝကံဆိုးပြီးတော့မှ ကိုယ့်ဆီကို တည့်တည့်ကျလာရင်လည်း မတတ်နိုင်ဘူးပေါ့” လို့ ပြောပါတယ်။

ရခိုင်ပြည်သူတွေဟာ လက်ရှိ စစ်ဘေးဒဏ်ကို ဆိုးရွားစွာခံစားနေရတဲ့အပြင် စစ်အာဏာရှင်တပ်ရဲ့ ပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ ဖြတ်သန်းနေကြရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အလွန်ကြီးမားလာနေပါတယ်။

တဖက်မှာလည်း ပရဟိတအဖွဲ့အစည်းတွေပါမချန် ပစ်မှတ်ထား ဗုံးကြဲမှုတွေနဲ့ ရင်ဆိုင်နေရသလို နိုင်ငံတကာရဲ့ အကူအညီရရှိမှု အားနည်းနေတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ အခက်အခဲ စိန်ခေါ်မှုတွေများစွာ ရှိနေဆဲဖြစ်ပြီး အကူအညီတွေ အရေးတကြီးလိုအပ်နေပါတယ်။

အာရက္ခတပ်တော် (AA) ကတော့ စစ်အာဏာရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား နေထိုင်ရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ 

အခုလို အစုအပြုံလိုက် သေဆုံးမှု ဖြစ်စေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ရိုက်တာဝန်ရှိသူတွေကို ထိရောက်စွာ လက်တုံ့ပြန်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013