DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ ဒီဂျစ်တယ်အာဏာရှင်စနစ်ကို ကုလအထူးသံတမန်များ ရှုတ်ချ
DVB
·
June 8, 2022
မြန်မာစစ်တပ်၏ ဒီဂျစ်တယ်အာဏာရှင်စနစ်ကို ကုလအထူးသံတမန်များ ရှုတ်ချ
Donate to DVB

မြန်မာစစ်အာဏာရှင်က ပြည်သူတွေရဲ့ အင်တာနက်အွန်လိုင်းအသုံးပြုမှုအပေါ် တားမြစ်မှု၊ ပိတ်ဆို့မှု၊ ဆင်ဆာတင်းကျပ်မှု၊ စောင့်ကြည့်မှုနဲ့ တခြားတားမြစ်ပိတ်ပင်မှုတွေပြုလုပ်နေတာနဲ့ ပတ်သက်လို့  ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ အထူးသံတမန်တွေက  ရှုတ်ချဝေဖန်လိုက်ပါတယ်။

လွတ်လပ်စွာရေးသားပြောဆိုခွင့်၊ သတင်းအချက်အလက်သိရှိနိုင်ခွင့်နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေးတို့ချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတကာရဲ့ အကူအညီလိုအပ်နေပြီး မြန်မာနိုင်ငံသားသန်းပေါင်းများစွာရဲ့ ရှင်သန်ရေးနဲ့ လွတ်လပ်ခွင့်တို့ကို ခြိမ်းခြောက်ကာ တနိုင်ငံလုံး ဒီဂျစ်တယ်အမှောင်ကမ္ဘာရောက်အောင် အာဏာရှင်စစ်တပ်က ဆွဲချနေတဲ့ လုပ်ရပ်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မြန်မြန်ဆန်ဆန် အရေးယူတားဆီးဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးသံတမန် သောမတ်စ်အင်ဒရူးစ်၊   သဘောထားအမြင်တွေ လွတ်လပ်စွာထုတ်ဖော်ခွင့်ကာကွယ်မြှင့်တင်မှုဆိုင်ရာ အထူးသံတမန် အီရန်ခန်း၊ ပုဂ္ဂလိကသီးသန့်ဖြစ်မှုဆိုင်ရာ အထူးသံမန် ဒေါက်တာအန်နာဘရိုင်ရန်နိုယူဂရီရက်စ်နဲ့  လွတ်လွတ်လပ်လပ် ငြိမ်းချမ်းစွာစုရုံးခွင့်နှင့် အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ အထူးသံတမန် ကလီမန်ဗိုလေးတို့က  ဇွန်လ ၇ ရက်မှာ ပူးပေါင်းကြေညာချက်ထုတ်ပြန်လိုက်တာပါ။ 

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေမှာ ဖော်ပြထားတဲ့ လူ့အခွင့်အရေးရဲ့ အခြေခံအချက်တွေဖြစ်တဲ့ လူသားတိုင်း လွတ်လပ်စွာရေးသားပြောဆိုနိုင်ခွင့်၊ သတင်းအချက်အလက်နဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးရပိုင်ခွင့်ရှိစေရမယ်ဆိုတဲ့ အချက်တွေကို မြန်မာနိုင်ငံသားတွေ စနစ်တကျငြင်းပယ် ထိန်းချုပ်ခံနေရတာကို နိုင်ငံတကာအသိုင်းအဝန်းကနေ လက်မခံကြောင်း ပြရမယ်လို့  ကျွမ်းကျင်သူတွေကပြောပါတယ်။

“စစ်တပ်ရဲ့ အဆင်ခြင်မဲ့တိုက်ခိုက်မှုတွေကနေ ရှောင်ပြေးနေရသူတွေနဲ့ စီးပွားရေး၊ လူမှုရေး ပျက်စီးဆုံးရှုံးမှု ကြုံနေရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် အင်တာနက် အဆက်အသွယ် ရရှိနိုင်ရေးဟာ သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ စစ်အာဏာရှင်အစိုးရဟာ မြန်မာနိုင်ငံသားတွေအပေါ် ကျူးလွန်တဲ့ သူတို့ရဲ့ ပြစ်မှုတွေကိုဖုံးကွယ်ဖို့နဲ့ ပြည်သူအများပါဝင်တဲ့ အတိုက်အခံတွေကို ဖြိုခွင်းဖို့အတွက် အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်တာတွေ၊ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို ဖောက်ဖျက်ကျူးလွန်ပြီး စောင့်ကြည့်တာတွေ ဆောင်ရွက်လျက် ရှိနေပါတယ်။”

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဏာရှင်စစ်အစိုးရရဲ့ အင်တာနက်ပေါ်မှာရော မြေပြင်မှာပါ အခြေခံအခွင့်အရေးဖြတ်တောက်မှုတွေကို ရှုတ်ချဆန့်ကျင်ကြဖို့နဲ့ စစ်တပ်နဲ့ သူ့ရဲ့အဆက်အနွယ်ကုမ္ပဏီတွေအပေါ်မှာ စောင့်ကြည့်ထိန်းချုပ်ရေး နည်းပညာတွေ ရောင်းချတာ၊ ထောက်ပံ့တာအပါအဝင် တခြားသောစီးပွားရေးပိတ်ဆို့မှုတွေ ဆောင်ရွက်သွားဖို့ အထူးသံမန်တွေက တိုက်တွန်းခဲ့ကြပါတယ်။

အဲဒါအပြင် နိုင်ငံတကာ အလှူရှင်တွေအနေနဲ့လည်း မြန်မာနိုင်ငံအတွင်း ဆင်ဆာဖြတ်တောက်တာ၊ စောင့်ကြည့်ထိန်းချုပ်တာတွေကို ဆန့်ကျင်တုံ့ပြန် ဆောင်ရွက်မယ့်အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးကြဖို့ တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ အင်တာနက်ဖြတ်တောက်မှု၊ လူမှုကွန်ရက်တွေနဲ့ အင်တာနက်ကနေ စာပို့ဆက်သွယ်ရေးတွေ အသုံးမပြုနိုင်အောင် ပိတ်ဆို့မှုတွေ ရှိခဲ့ပါတယ်။

အခုလတ်တလောမှာဆိုရင်လည်း ခုခံတော်လှန်မှု ပြင်းထန်တဲ့ဒေသတွေကို အင်တာနက်နဲ့ ဆက်သွယ်ရေးဖြတ်တောက်တာတွေ လုပ်ခဲ့ပါတယ်။ ကျေးရွာတွေကို မီးရှို့တာအပါအဝင် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ဒေသအတော်များများကို အင်တာနက်ဖြတ်တောက်တာနဲ့ အင်တာနက်မြန်နှုန်းလျော့ချပိတ်ဆို့တာတွေ အချိန်ကိုက် ဆောင်ရွက်ခဲ့ကြပါတယ်။

အာဏာရှင်စစ်တပ်က သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်လူမဆန်တဲ့ လုပ်ရပ်တွေကို ဖုံးအုပ်ကာကွယ်ဖို့အတွက် အင်တာနက်နဲ့ ဆက်သွယ်ရေးတွေဖြတ်တောက်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အဲဒီလို ဆက်သွယ်ရေးဖြတ်တောက်မှုတွေကြောင့် သတင်းသမားတွေ၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကနေ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု အထောက်အထားတွေ ရရှိဖို့ခက်ခဲစေပြီး ပြည်သူလူထုအတွက် အန္တရာယ်ပိုရှိစေတယ်လို့ ဆိုပါတယ်။

အခုလိုမြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ ဆက်သွယ်ရေးဖြတ်တောက်ခံထားရတာဟာ လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှု သက်သေတွေပေါ်မူတည်ပြီး ဆောင်ရွက်ရမယ့် လုပ်ပိုင်ခွင့်တွေအတွက်လည်း စိန်ခေါ်မှုတရပ်ဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ 

စစ်အာဏာသိမ်းပြီး နှစ်ပတ်အကြာကနေစတင်ကာ စစ်ကောင်စီဟာ အင်တာနက် သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ရယူကြည့်ရှုနိုင်ဖို့ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။

ဆိုင်ဘာလုံခြုံရေးမူကြမ်းမှာလည်း အာဏာပိုင်တွေကို တရားရေးဆုံးဖြတ်ချက်ယူရန်မလိုဘဲ အင်တာနက်အဆက်အသွယ်တွေ ဖြတ်တောက်တားဆီးနိုင်ဖို့ ပြင်ဆင်ရေးဆွဲထားပြီး VPN (Virtual Private Network) ကိုအသုံးပြုခြင်းကနေ တားမြစ်ထားကာ အသုံးပြုသူတွေကို ထောင်ဒဏ် ၃ နှစ်အထိ ပစ်ဒဏ်ချမှတ်ဖို့ ရေးဆွဲထားပါတယ်။

အဲဒီ ဥပဒေကိုအတည်ပြုထုတ်ပြန်ရခြင်းမရှိသေးပေမဲ့  စစ်တပ်အဖွဲ့ဝင်တွေနဲ့ ရဲတွေဟာ အတိုက်အခံအဖွဲ့ဝင်တွေ၊ ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ သံသယရှိသူတွေရဲ့ဖုန်းတွေမှာ VPN အပလီကေးရှင်းတွေကို ရှာဖွေစစ်ဆေးတာတွေ ဆောင်ရွက်နေကြပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက အင်တာနက်ဖြတ်တောက်မှုတွေ မကြာခဏကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးလုပ်နေတဲ့  ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေထဲက မြို့ပေါင်း  ၂၅ မြို့အထိ အင်တာနက်တွေ ဖြတ်တောက်ခံထားရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့  စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃၃ မြို့နယ်ကို ည ၁၁ နာရီကစပြီး အင်တာနက် ဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ထဲ ဖားကန့်မြို့နယ်မှာဆိုရင် ဩဂုတ် ၂၀ ရက်နေ့ကတည်းက အင်တာနက်ပြတ်တောက်နေတာဖြစ်ပါတယ်။

နော်ဝေအခြေစိုက် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုက  သူ့ရဲ့ တယ်လီနော-မြန်မာ ရှယ်ယာတွေကို ရောင်းချခဲ့ရာမှာ တရားဝင် ကြားဖြတ်ဖမ်းယူနိုင်တဲ့ နည်းပညာပါ ပါရှိတဲ့အတွက် မြန်မာစစ်တပ်ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါတွေဖြစ်စေနိုင်တယ်လို့ Justice for Myanmar က ထောက်ပြဝေဖန်ထားပါတယ်။

လက်ဘနွန်အခြေစိုက် M1 Group က တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုကြီးထံကနေ ဝယ်ယူထားတဲ့ တယ်လီနောမြန်မာ ဆက်သွယ်ရေးလုပ်ငန်းခွဲကို စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုထံ အပြီးသတ် လွှဲပြောင်းရောင်းချခဲ့တာပါ။

ရောင်းချရာမှာ အစိတ်အပိုင်းတခုအနေနဲ့ ဂျာမနီနိုင်ငံထုတ် Utimaco ဆိုတဲ့ တရားဝင်ကြားဖြတ်ဖမ်းယူရေးမှာ အသုံးပြုတဲ့ ပင်မထွက်ပေါက် LIG ကို M1 Group က ရွှေဗျိုင်းဖြူလုပ်ငန်းစုထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒါကြောင့် အခုဆိုရင် မြန်မာစစ်ကောင်စီက LIG နည်းပညာကို အသုံးပြုပြီး တယ်လီနောမြန်မာ ဆက်သွယ်ရေးကွန်ရက်ပေါ်မှာ အသုံးပြုသူတွေရဲ့ ဖုန်းခေါ်ဆိုမှု အပါအဝင် SMS စာတိုပေးပို့မှုကိုပါ အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်စွမ်း ရရှိသွားပြီလို့ Justice for Myanmar အဖွဲ့က ဆိုပါတယ် ။

ဒီရောင်းချမှုက တယ်လီနောသုံးစွဲသူ ပြည်သူ ၁၈ သန်းကျော်တို့ရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းအချက်အလက်တွေ အားလုံးကို စစ်ကောင်စီထံ ဖော်ထုတ်ပေးအပ်လိုက်သလိုဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းနဲ့ တည်နေရာရှာဖွေဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ဖို့ အသုံးချနိုင်တော့မှာ ဖြစ်တာကြောင့် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုနဲ့ နော်ဝေအစိုးရတို့က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်သူတွေအဖြစ်  သက်ရောက်စေနိုင်တယ်လို့ Justice for Myanmar ကထောက်ပြပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့အင်တာနက် လွတ်လပ်ခွင့်အခြေအနေဟာ အရင်နှစ်ကထက် အဆင့် ၁၄ ဆင့်လောက် ကျဆင်းသွားတယ်လို့ Freedom House အဖွဲ့နဲ့ Freedom of Expression Myanmar အဖွဲ့တို့က အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့   အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာဖြစ်တယ်လို့ စက်တင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013