DVB Logo
Home
မြန်မာသတင်း
မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်၊ ပြည်သူ ၁ ဦး ထပ်မံသေဆုံး
DVB
·
June 7, 2022
မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်၊ ပြည်သူ ၁ ဦး ထပ်မံသေဆုံး
Donate to DVB

ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့မှာ ဇွန် ၇ ရက်ညနေပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၆၀ ကျော်အမျိုးသားတယောက် ထပ်မံသေဆုံးသွားပါတယ်။

မိုးဗြဲမြို့မှာ ဒီကနေ့ မနက်ကတည်းကနေ  ညနေပိုင်းအထိ  စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ဒေသခံပြည်သူတချို့လက်နက်ကြီး ထိမှန်ခဲ့သလို  ညနေ ၄ နာရီလောက်မှာလည်း လက်နက်ကြီးကြောင့် အမျိုးသားတယောက် ထိတ်လန့် သေဆုံးသွားခဲ့တာပါ။

သေဆုံးသွားသူကို ချက်ချင်းသင်္ဂြိုဟ်လိုက်ရတယ်လို့ ကူညီသင်္ဂြိုဟ်ပေးတဲ့ ပရဟိတအဖွဲ့ဝင်တယောက်က  ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁ နာရီအတွင်းမှာပေါ့နော် လက်နက်ကြီးငယ်အသံတွေကြောင့် ပြည်သူတဦး ထိတ်လန့်ပြီး‌တော့ သေဆုံးတယ်။ အဲဒါ ကျမတို့ အခုလေးတင်ပဲ သွားရောက်သင်္ဂြိုဟ်ပေးခဲ့တယ်ပေါ့နော်။ ချက်ချင်းပဲ သင်္ဂြိုဟ်လိုက်တယ်။ အခြေအနေက ဘာမှန်းလဲ မသိဘူးပေါ့နော်။ အဲဒါနဲ့ မိသားစုဝင်တွေက ကူညီဖို့ တောင်းခံလာတဲ့အခါကျတော့ ကျမတို့အနေနဲ့ သွားသင်္ဂြိုဟ်ပေးတာ။” 

မနက်ပိုင်းတုန်းကလည်း  စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ပြီး စစ်​ကြောင်းထိုးလာတာကြောင့်  မြို့ခံ အသက် ၆၀ ကျော်အမျိုးသမီးတဦး ထိမှန်သေဆုံးခဲ့ပြီး ၂ ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ပရဟိတကူညီပေးနေတဲ့ အမျိုးသမီးတဦးက “မနက်က တယောက်ကကျတော့ သူက အိမ်ထဲမှာပဲနေတာ လက်နက်ကြီး ရောက်လာပြီးတော့ သူ့ကို ထိမှန်ပြီး သေဆုံးသွားတာ။ ညနေပိုင်း တယောက်ကကျတော့ သူက အသံနဲ့ပဲ အသံကြားလို့ ထိတ်လန့်ပြီး သေဆုံးတာရှင့်။ မနက်က အမျိုးသမီး၊ ညနေကျတော့ အမျိုးသားရှင့်။”လို့ပြောပါတယ်။ 

စစ်တပ်က မိုးဗြဲမြို့ထဲကို လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတချို့ ထွက်ပြေးလို့မရဘဲ ပိတ်မိနေတဲ့ အနေအထား ဖြစ်နေတယ်လို့လည်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“အရပ်သားတွေ ပိတ်မိနေတာ တော်တော်များများရှိတယ်။ ကျနော်တို့ကတော့ တတ်နိုင်သမျှ နီးစပ်ရာ တတ်နိုင်သမျှ အကုန်လုံးကိုတော့ ကယ်ထုတ်နေတယ်။ အဓိက ပိတ်မိနေတာကတော့ ညောင်ဝိုင်းရပ်ကွက်ထဲက ပြည်သူတွေပေါ့နော်။”

ဒါ့အပြင် မိုးဗြဲမြို့လယ်က ဓာတ်ဆီဆိုင်တဆိုင်  ညနေပိုင်းက မီးလောင်နေပြီး လက်နက်ကြီး ထိမှန်လို့လား မီးရှို့တာလားဆိုတာ အသေအချာ မသိရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်ဘက်က အင်အား ၁၀၀ ကျော်ဟာ မိုးဗြဲမြို့တွင်းရှိ ရပ်ကွက်အနှံ့မှာ ဝင်ရောက်နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က လွိုင်ကော်မြို့ရှိ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မိုးဗြဲမြို့တွင်း၊ မြို့ပြင်တဝိုက် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖယ်ခုံဇုန်က တာဝန်ရှိသူကတော့ “မိုးဗြဲ၊ ညောင်ဝိုင်းရပ်ကွက်မှာ စကစတွေက ပြည်သူကို ဓားစာခံလုပ်ထားတာကြောင့် ကာကွယ်ရေး တပ်ဖွဲ့တွေ ပစ်မရတာပါ။ အခုက ပြည်သူတွေကို ဓားစာခံလုပ်နေတဲ့ အခြေအနေမို့ ပစ်ခတ်မှုအကြောင်း အသေးစိတ်ပြောပြလို့ မရသေးပါဘူးဗျ။ ခါတိုင်းတိုက်ပွဲလို အပြန်အလှန်ပစ်ခတ်တာ မလုပ်သေးပါဘူး” လို့ ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ​ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မြို့အတွင်းကို အကြောင်းမဲ့ ခြောက်လှန့်ပစ်ခတ်တာတွေ ရှိနေပါတယ်။

အလားတူ ဖယ်ခုံမြို့နယ်ထဲ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ကျေးရွာလုံးကျွတ်နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ ဆက်တိုက် ကျူးလွန်နေပါတယ်။

မိုးဗြဲမြို့နယ်က ဘုန်းကြီးကျောင်းတခုမှာ စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူတွေကို အကာအကွယ်ယူပြီး တပ်စွဲဖို့ ကြိုးစားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်နေပါတယ်။

မနေ့ညကပဲ တိုက်ပွဲ စဖြစ်ခဲ့ပြီး လက်ရှိမှာတော့ မိုးဗြဲ လွိုင်ကော်လမ်းမှာ အသွားအလာတွေ ရပ်တန့်နေပါတယ်။

ဒီးမော့ဆို PDF တပ်ရင်း I ရဲ့ ဒုတပ်ရင်းမှူးက "သူတို့ အဲဒီမှာ ခြေကုပ်ယူလိုက်ရင် အားလုံး အသွားအလာခက်ခဲသွားမယ်။ ဒီးမော့ဆိုလိုဖြစ်မှာစိုးလို့ သူတို့ စဝင်လာကတည်းက ငါတို့တိုက်နေတာ။ ပြည်သူနဲ့အတူတူနေလို့ ငါတို့ပစ်လို့ သိပ်အဆင်မပြေဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ဘုန်းကြီးကျောင်းမှာ မြေတွေ တူးခိုင်းနေပြီး ကတုတ်ကျင်းဖြစ်နိုင်တယ်လို့ ဒီးမော့ဆို PDF တပ်ရင်း I ရဲ့ ဒုတပ်ရင်းမှူးက ပြောပါတယ်။ရှမ်း-ကယားနယ်စပ်မှာ ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို KNDF နဲ့ မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို PDF တပ်ဖွဲ့တွေ  ပူးပေါင်းတိုက်ခိုက် ခုခံစစ်ပွဲ ဆင်နွှဲနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013