DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား ၄ ဦးကို သေဒဏ်ပေးမည့်အပေါ် တားဆီးရန် အာဆီယံလွှတ်တော်အမတ်များ ပန်ကြား
DVB
·
June 7, 2022
နိုင်ငံရေးအကျဉ်းသား ၄ ဦးကို သေဒဏ်ပေးမည့်အပေါ် တားဆီးရန် အာဆီယံလွှတ်တော်အမတ်များ ပန်ကြား
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးဂျင်မီ(ခ)ကိုကျော်မင်းယုတို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးတို့ကို စစ်ကောင်စီက  သေဒဏ်ပေးမယ့်အစီအစဉ် ရပ်တန့်အောင် ဝိုင်းဝန်းတားဆီးတောင်းဆိုကြဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်များအဖွဲ့ (APHR) က ပန်ကြားလိုက်ပါတယ်။

ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေတွေနဲ့ သေဒဏ်အမိန့်ချထားတာဖြစ်ပြီး ဒီအမိန့်ကို အတည်ပြုဆုံးဖြတ်လိုက်ပြီလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ရက်ပိုင်းမှာ မီဒီယာတွေကို ပြောထားတာဖြစ်ပါတယ်။

အခုလိုသေဒဏ်ပေးမယ့်ကိစ္စအပေါ် အာဆီယံလွှတ်တော်ကိုယ်စားလှယ်တွေက ထိန်လန့်တုန်လှုပ်မိကြောင်း၊ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဝိုင်းဝန်း တားဆီးသင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ရဲ့  ဥက္ကဋ္ဌ မလေးရှားလွှတ်တော်ကိုယ်စားလှယ် ချားလ်စ်ဆန်တီယေဂိုက ပြောပါတယ်။ 

“အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီလို သေဒဏ်ပေးတဲ့ကိစ္စ အထမမြောက်အောင် တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းတားဆီးပေးဖို့လို့တယ်။ တကယ်လို့ ဒီလုပ်ရပ်ကို သူတို့က အကောင်အထည်ဖော်သွားမယ်ဆိုရင် သူတို့ဟာ သွေးအေးအေးနဲ့ နိုင်ငံရေးလုပ်ကြံသူတွေ ဖြစ်လာမှာပဲ။ အဲဒါအပြင်ကို ပြီးခဲ့တဲ့နှစ်က မင်းအောင်လှိုင်ရဲ့ အာဏာရှင်စစ်တပ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးသဘောတူညီထားတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်အတိုင်း နိုင်ငံရေးဆွေးနွေးညှိနှိုင်းမယ့် အစီအစဉ် အကောင်အထည်ပေါ်လာဖို့ကိုလည်း  တားဆီးလိုက်သလို ဖြစ်သွားမှာပဲ။”

အာဏာသိမ်းပြီးချိန်ကစလို့ လူပေါင်း ၁၈၀၀ ကျော်ကို သတ်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံရေးအကျဉ်းသား ၄ ဦးကို သေဒဏ်ပေးမယ့်အပေါ်မှာလည်း ဥပဒေအရ တရားစီရင်တယ်ဆိုတဲ့ ပုံစံကိုဖန်တီးနေကြောင်း၊ စစ်ခုံရုံးကနေ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ မျှတတဲ့ တရားစီရင်ရေးကို ဂရုမစိုက်ကြဘူးဆိုတာ သိသာထင်ရှားတယ်လို့ ဆိုပါတယ်။

မလေးရှားလွှတ်တော်အမတ် ချားလ်စ်ဆန်တီယေဂိုက “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် ၃ အရ သေဒဏ်ပေးတာဟာ လူတစ်ဦးရဲ့ ရှင်သန်ရေး၊ လွတ်လပ်ရေးနဲ့ လုံခြုံရေး စတဲ့ အခွင့်အရေးတွေကို ဗြောင်ကျကျ ချိုးဖောက်ရာရောက်တယ်ဆိုတာ မြန်မာစစ်တပ်ကို သတိပေးထားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်ကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကလည်း ထောက်ခံပါတယ်။ တရားဥပဒေရှေ့မှောက်မှာ လူတိုင်း တန်းတူညီမျှအခွင့်အရေးရှိကြပြီး မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်အတွက် ပွင့်လင်းမြင်သာမှုရှိတဲ့ တရားရုံးအဆုံးအဖြတ်ကို ရရှိရေးကိုလည်း အဲဒီလူ့အခွင့်အရေးကြေညာစာတမ်းမှာ ပါရှိတယ်ဆိုတာကို  ကျနော်တို့က ထပ်ဆောင်းပြောကြားလိုပါတယ်”လို့ ပြောပါတယ်။

နိုင်ငံအနှံ့ ခုခံတော်လှန်နေကြတဲ့အပေါ်မှာ မြန်မာစ်တပ်က သူတို့ရဲ့အာဏာတည်မြဲရေးအတွက် ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်နေကြောင်း၊ မြန်မာစစ်တပ်ဟာ နိုင်ငံသားတွေအပေါ်မှာ စိတ်ရှိတိုင်း အနိုင်ကျင့် သတ်ဖြတ်နှိပ်စက်နေတာတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ရဲ့ ပြစ်ဒဏ်တွေကို အရေးမယူနိုင်ခဲ့လို့ ဖြစ်တယ်လို့လည်း  ဆန်တီယေဂိုက ဝေဖန်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာနိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းမှုဆောင်ရွက်မယ့် မိတ်ဖက်နိုင်ငံတွေ အနေနဲ့ နိုင်ငံရေးအကျဉ်းသား ၄ ဦးကို သေဒဏ်ပေးမယ့်အစီအစဉ်ကို ရပ်တန့်စေပြီး  ပြန်လွှတ်ပေးဖို့ အရေးပေါ်တောင်းဆိုချက်တွေ လုပ်ဆောင်ကြဖို့နဲ့ တစ်နိုင်ငံချင်း၊ တစ်ဦးချင်း အနေနဲ့ရော အဖွဲ့အစည်းလိုက်အနေနဲ့ပါ သေဒဏ်ပေးခံရသူ ၄ ဦး အပါအဝင် မတရားဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ အချိန်မီ တောင်းဆိုပေးကြဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ပန်ကြားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက် ကနေ မေ ၃၁ ရက်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်စပ်ပြီး ထောင်ဒဏ်ချမှတ်ခံရသူ ၁,၂၁၅ ဦးရှိရာမှာ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တသက် ချမှတ်ခံရသူပေါင်းက ၂၀၉ ယောက်အထိ ရှိတယ်လို့ သုတေသနလုပ်နေတဲ့ ISP Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013