DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ခြင်းမပြုရန် စစ်အုပ်စုအား ကနေဒါတိုက် တွန်း
DVB
·
June 7, 2022
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ခြင်းမပြုရန် စစ်အုပ်စုအား ကနေဒါတိုက် တွန်း
Donate to DVB

ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို စစ်အုပ်စုက ကွပ်မျက်ဖို့ ကြိုးစားနေတဲ့အပေါ် ကနေဒါနိုင်ငံက ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ကနေဒါနိုင်ငံဟာ နေရာတိုင်းမှာ လူသားအားလုံးအတွက် ဘယ်လိုအခြေအနေမှာဖြစ်စေ သေဒဏ်ပေးမှုကို ဆန့်ကျင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားခွင်ဖြစ်ပေါ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်ခွင့်ရရှိရေးအပါအဝင် လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် စိုးရိမ်ပူပန်နေပြီး ကွပ်မျက်ခြင်းမပြုလုပ်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတောင်းဆိုမှုတွေကို မြန်မာစစ်တပ်က ဆက်လက်လျစ်လျူရှုနေမှုကို တုံ့ပြန်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ ကနေဒါနိုင်ငံက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကာ မတရားဖမ်းဆီးခံထားရသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လည်း ထပ်မံတောင်းဆိုထားပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိတယ်ဆိုပြီး  စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စစ်ခုံရုံးမှာ တရားစွဲကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ သေဒဏ်ချမှတ်တာဖြစ်ပြီး သူတို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အတည်ပြုလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရသူက ပြီးခဲ့တဲ့ ဇွန် ၃ ရက်က မီဒီယာတွေကို ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၁ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားအမည်ခံ လူတချို့က သေဒဏ်ချမှတ်ခံထားရသူတွေကို သတ်ပစ်ဖို့ တောင်းဆိုခဲ့ပြီးနောက်မှာ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက အခုလို သေဒဏ်အတည်ဖြစ်ကြောင်း ပြောဆိုလာတာပါ။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ ဇွန် ၆ ရက်အထိ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၀,၉၆၀ ကျော်ရှိနေပြီး အယောက် ၁,၁၀၀ ကျော်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာတော့ အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၇၃ ယောက်က သေဒဏ်ချမှတ်ခံထားရတာဖြစ်ပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၁ ယောက်အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၄ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု(ခ)ဦးဂျင်မီနဲ့ အန်အယ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ပေးဖို့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ယို ဂူတာရက်စ်ကလည်း ရှုတ်ချတယ်လို့ ဆိုပါတယ်။

သေဒဏ်ဟာ လူ့အသက်ကို အပြည့်အ၀ လေးစားရမယ်ဆိုတဲ့အချက်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှုမြင်ပါတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက စတီဖင် ဒူဂျာရစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီး စစ်ကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့နဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားဖို့လိုတယ်လို့ ပြောပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) ပြောခွင့်ရှိသူကလည်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ နှစ်ယောက်ကို စစ်ကောင်စီက သေဒဏ်ပေးဖို့ ကြံစည်နေတာကို ချက်ချင်း ဖျက်သိမ်းဖို့နဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း ဒီကိစ္စမှာ ကြားဝင်ဟန့်တားဖို့ တောင်းဆိုလိုက်ပါတယ်။

AI အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံက ကွပ်မျက်မှုပေါင်း ၅၇၉ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အဲဒီအရင် ၂၀၂၀ ပြည့်နှစ်မှာတော့ ကွပ်မျက်မှုပေါင်း ၄၈၃ ခုသာ ရှိခဲ့တာ မို့ ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အထင်ရှားဆုံး ကွပ်မျက်မှုတွေထဲမှာတော့ တရုတ်၊ အီရန်၊ အီဂျစ်၊ ဆော်ဒီအာရေးဗျနဲ့ ဆီးရီးယားနိုင်ငံတွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

AI အဖွဲ့ဟာ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ကွပ်မျက်သတ်ဖြတ်ခံရမှုတွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပြီး မြန်မာအပါအဝင် အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ကင်မရွန်း၊ အီဂျစ်၊ အီရန်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆိုမာလီယာ၊ စင်ကာပူနဲ့ ယီမင် စတဲ့နိုင်ငံတွေမှာ ကွပ်မျက်သတ်ဖြတ်မှုတွေဟာ နိုင်ငံတကာက တရားမျှတတဲ့ တရားစီရင်မှုစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ တရားစွဲမှုတွေအပြီး သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013