မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ မင်းရွာကျေးရွာကို ဇွန် ၆ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းရွာကျေးရွာ ဒေသခံတစ်ယောက်က “စစ်(...)တွေဟာ ညနေ ၃ နာရီလောက်ကတည်းက ဧရာဝတီမြစ်အတိုင်း ဆန်တက်လာပြီး နေရင်းကျေးရွာကနေ တဆင့်မင်းရွာကျေးရွာထဲကို ဝင်ရောက်လာတာဗျ။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးတာနဲ့ ကျနော်တို့လည်း ဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်။ ည ၆ နာရီကျော်လောက်ကျတော့ စစ်(...)တွေက ရွာကို မီးတင်ရှို့ လိုက်ကြပြီဗျ။ မီးခိုးလုံးတွေ မီးတောက်တွေ အဝေးကနေ လှမ်းမြင်နေရတယ်။ ကျနော်တို့လည်း မီးသွားမငြှိမ်းရဲကြဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ည ၈ နာရီလောက်မှာ စက်လှေတွေနဲ့ ပြန်ထွက်သွားကြတဲ့အတွက် ပြည်သူတွေနဲ့ပူးပေါင်းကာ ရွာထဲကို ဝင်ပြီး မီးငြှိမ်းသတ်နေကြောင်းနဲ့ နေအိမ်ဘယ်နှလုံး မီးလောင်ပျက်စီးသွားလဲဆိုတာတော့ လတ်တလော အတည်ပြုလို့မရသေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ယောက်က ဆိုပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို မေ ၇ ရက်ကနေ ၁၆ ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူတွေရဲ့ နေအိမ် ၁၅၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့တဲ့အပြင် စားနပ်ရိက္ခာတွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားပိုင်ပစ္စည်းတွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ UN OCHA Myanmar က ထုတ်ပြန်ထားပါတယ်။