DVB Logo
Home
မြန်မာသတင်း
“တရားမဝင်စစ်အစိုးရ”ဟု ခေါ်ဝေါ်သုံးနှုန်းသည့်အပေါ် တရားမဝင်အာဏာသိမ်း စစ်ကောင်စီ ကန့်ကွက်
DVB
·
June 6, 2022
“တရားမဝင်စစ်အစိုးရ”ဟု ခေါ်ဝေါ်သုံးနှုန်းသည့်အပေါ်  တရားမဝင်အာဏာသိမ်း စစ်ကောင်စီ ကန့်ကွက်
Donate to DVB

ရန်ကုန်အခြေစိုက် ပြင်သစ်သံရုံးက “တရားမဝင်စစ်အစိုးရ” လို့ ခေါ်ဝေါ် သုံးနှုန်းရေးသားထားမှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ  နိုင်ငံခြားရေးဌာနက ဇွန် ၆ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီလွှတ်တော် အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပေါ် စစ်ကောင်စီကသေဒဏ်အတည်ပြုလိုက်တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြင်သစ်သံရုံးတို့က ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ပြောဆိုခဲ့တာကို  စစ်ကောင်စီဘက် တုံ့ပြန်လိုက်တာပါ။

ဦးဂျင်မီ(ခ) ဦးကျော်မင်းယုနဲ့ ဦးဖြိုးဇေယျာသော်တို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (ဈ)နဲ့  ၅၀ (ည) တို့အရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရလို့ သေဒဏ် အမိန့်ချမှတ်ခံရတာဖြစ်တယ်၊ သူတို့ဟာ အကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာ အဓိကကြိုးကိုင်စီစဉ်သူတွေအဖြစ် ပြစ်မှုထင်ရှားလို့ အမိန့်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ရန်ကုန်ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူရုံးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနတို့ရဲ့ပြောဆိုချက်တွေဟာ  အကြမ်းဖက်မှုများကို အားပေး အားမြှောက်ပြုရာရောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (PDF) တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို လျစ်လျူရှုရာရောက်တယ်လို့ဆိုပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီဖွဲ့စည်းထားတဲ့ စစ်ကောင်စီရဲ့  တရားဝင်ဖြစ်မှုမှာ မေးခွန်းထုတ်ဖွယ်ရာ မရှိဘဲ စစ်အစိုးရမဟုတ်တာကို ရှင်းလင်းစွာပြသနေတဲ့အတွက် ဒီပြောပြောဆိုချက်၊ ထုတ်ပြန်ချက်တွေအပေါ် ပြင်းထန်စွာကန့်ကွက်ပယ်ချသလို ကန့်ကွက်စာတွေကိုလည်း သံတမန်လမ်းကြောင်းမှတဆင့် ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လူလေးယောက်ကို ကွပ်မျက်ဖို့ ဆုံးဖြတ်ကြောင်းစစ်ကောင်စီက ကြေညာခဲ့တာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဇွန် ၄ ရက်မှာ ထုတ်ပြန်လိုက်ပြီး ဒီကြေညာချက်မှာ အာဏာသိမ်းစစ်ကောင်စီကို တရားမဝင်စစ်အစိုးရလို့ ပြင်သစ်နိုင်ငံက သုံးနှုန်းထားတာဖြစ်ပါတယ်။ 

သေဒဏ်ပေးတာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုအတွက် ခုခံကာကွယ်သူတွေကို နောက်တစ်ကြိမ် ထပ်ပြီး ပစ်မှတ်ထားဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် တရားမ၀င်တဲ့ စစ်အစိုးရက ကျင့်သုံးနေတဲ့ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေတဲ့ မြန်မာလူမျိုးတွေကို ပြင်သစ်က လေးစားပြီး ဆက်လက် ထောက်ခံသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့  ပြောခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က  လည်း စစ်ကောင်စီအနေနဲ့ သေဒဏ်ပေးဖို့ဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့လိုပြီး၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားဖို့ လိုတယ်လို့ ပြောပါတယ်။ 

ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို စစ်ကောင်စီက ကွပ်မျက်ဖို့ ကြိုးစားနေတဲ့အပေါ် အမေရိကန်က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။

အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်ကလည်း မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အခုလို ပြုမူနေတာဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြနေပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချကြောင်းပြောပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိတယ်ဆိုပြီး  စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စစ်ခုံရုံးမှာ တရားစွဲကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ သေဒဏ်ချမှတ်တာဖြစ်ပြီး သူတို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အတည်ပြုလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရသူက ပြီးခဲ့တဲ့ ဇွန် ၃ ရက်က မီဒီယာတွေကို ပြောဆိုခဲ့တာပါ။

Photo-MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013