DVB Logo
Home
မြန်မာသတင်း
ကမန်ကျေးရွာ အထက်တန်းကျောင်းတွင် တာဝန်ကျဆရာများ ၁၀ နှစ်ကြာသည်အထိ လာရောက် စာသင်ပေးခြင်းမရှိ
DVB
·
June 4, 2022
ကမန်ကျေးရွာ အထက်တန်းကျောင်းတွင် တာဝန်ကျဆရာများ ၁၀ နှစ်ကြာသည်အထိ လာရောက် စာသင်ပေးခြင်းမရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကမန်တိုင်းရင်းသားတွေနေထိုင်ရာ သာယာကုန်းကျေးရွာရှိ  အထက်တန်းကျောင်းခွဲမှာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေဟာ ၂၀၁၂ ခုနှစ်ကတည်းက  ၂၀၂၂ ခုနှစ် ပညာသင်နှစ်အထိ  ၁၀ နှစ်ကြာသည့်တိုင် လာရောက် ပညာသင်ကြားတာမရှိလို့ ကလေးငယ်တွေ ပညာသင်ကြားရေးအခက်တွေ့ နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

၂၀၁၂ ခုနှစ် လူမျိုးရေးပဋိပက္ခတွေကြောင့် စစ်တွေမြို့နယ်မှာ  ကမန်ကျေးရွာ ၃ ရွာ ပေါင်းပြီး သီးခြားတည်ထောင်ပေးထားတဲ့ အထက်တန်းကျောင်းခွဲတကျောင်းရှိပေမဲ့ အဲဒီကျောင်းမှာ တာဝန် ကျနေတဲ့ ဆရာ၊ ဆရာမတွေကတော့  ကျောင်းတက်ရောက် ပညာသင်ပေးတာမရှိဘူးလို့ ကမန်လူမျိုးခေါင်းဆောင်တယောက်က ပြောပါတယ်။

“ဆယ်တန်းတက်ရောက်ကြမယ့် ကျောင်းသားတွေရဲ့ မိဖတွေက သားသမီးပညာရေးအတွက် စိုးရိမ်လာကြပြီး နီးစပ်ရာ အထက်တန်းကျောင်းတွေမှာ ကျောင်းသွားအပ်ကြတာ ​ကျောင်းလက် မခံကြဘူး။"လို့ ကမန်လူမျိုးခေါင်းဆောင်တယောက်က   ပြောပါတယ်။

စစ်တွေမြို့နယ်ရှိ ရွာမ၊ သင်္ဂနက်၊ သာယာကုန်းစတဲ့ ကမန်ကျေးရွာတွေမှာ ရှိတဲ့ အထက်တန်းကျောင်းသားတွေဟာ  စစ်တွေတပ်နယ်မြေရှိ အ.ထ.က(၆) ကျောင်းမှာ  ဇွန် ၂ ရက်က ကျောင်းအပ်နှံဖို့သွားခဲ့ပေမဲ့ ပြည်နယ်ပညာရေးမှူး ခွင့်ပြုမှ လက်ခံမယ်လို့ပြောတဲ့အကြောင်း  ကျောင်းသားမိဘတွေက ပြောပါတယ်။

ကမန်ကျောင်းသားမိဘတယောက်က "နယ်ကျော်ပြီး ကျောင်းလက်မခံနိုင်ဘူးလို့ပြောတယ်။ ပြည်နယ်ပညာရေးမှူးကို တင်ပြပါဆိုလို့ ကျနော်တို့ ကမန်တိုင်းရင်းသားတွေစုပြီး ပြည်နယ်ပညာရေးမှူးဆီ သွားရောက်တင်ပြကြတယ်။ ပြည်နယ်ပညာရေးမှူးကတော့  ၂ ရက်လောက်စောင့်ပေးပါ ညှိနှိုင်းပေးမယ် လို့ပြောလိုက်ပါတယ်။"လို့ပြောပါတယ်။

ကမန်ကျေးရွာ ၃ ရွာရှိ အထက်တန်း ကျောင်း(ခွဲ)မှာ အစိုးရခန့်တဲ့ ဆရာတွေ လာရောက်တာဝန်ထမ်းဆောင်တာမရှိလို့ ရပ်မိရပ်ဘတွေက ပညာတတ်ကမန်တိုင်းရင်းသားတွေကို ပညာသင်ပြခိုင်းခဲ့ပေမဲ့ အပြည့်အဝသင်မပေးနိုင်တာကြောင့်  ကျောင်းပြောင်း အပ်နှံကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆယ်တန်းကျောင်သားမိဘတယောက်က "အဓိကက ကျမတို့ အထက်တန်း(ခွဲ)မှာ တာဝန်ကျတဲ့ ဆရာ/ဆရာမတွေ ၂၀၁၂ ကနေ ၂၀၂၂ အခုနှစ်အထိကျောင်းကိုလာပြီးစာသင်ပြကြတာမရှိဘူး။ သူတို့ လစာရဲ့ တဝက်ပေးပြီး ဒေသခံကမန်လူမျိုး ပညာတတ်တွေကို ပညာသင်ခိုင်းထားတယ်။ ဒါဆို ကျမတို့ကလေးတွေ ပညာရေးဆယ်တန်းအောင်ဖို့ မမျှော်မှန်းနိုင်ကြတော့ဘူး။ အဲ့ဒါကြောင်း ကျောင်းပြောင်းအပ်နှံကြတာ"လို့ ပြောပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး  ပြည်နယ်ပညာရေးမှူးရုံးကို ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ကမန်လူမျိုးတွေဟာ ၂၀၁၂ ခုနှစ် လူမျိုးရေးပဋိပက္ခကြောင့် စစ်တွေနဲ့ ၄ မိုင်လောက်ဝေးတဲ့ ရွာမ၊ သင်္ဂနက်၊ သာယာကုန်းစတဲ့ ကျေးရွာတွေကို  အစိုးရက နေရာရာချပေးထားပြီး အထက်တန်းကျောင်း (ခွဲ)တစ်ကျောင်းသာဖွင့်လှစ်ပေးထားတာပါ။ 

ရွာမကမန်ကျေးရွာမှာ အိမ်ခြေ ၄၅၀ ကျော်နဲ့ သင်္ဂနက်ကမန်​ကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး မူလတန်းစာသင်ကျောင်းမရှိတဲ့အတွက် သင်္ဂနက်ရခိုင်ရွာမှာ ကျောင်းတက်နေကြတာပါ။ သာယာကုန်း ကမန်ကျေးရွာမှာတော့  အိမ်ခြေ ၁၀၀၀ ကျော်ရှိပါတယ်။ 

ဒီကျေးရွာတွေဟာ ၂၀၁၂ ခုနှစ် လူမျိုးရေး ပဋိပက္ခတွေကြောင့် စစ်တွေမြို့ထဲက နေရပ်စွန့်ခွါလာခဲ့ကြရတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။

လက်ရှိစစ်တွေမြို့နယ်မှာ ကမန်တိုင်းရင်းသားလူဦးရေ  ၄၀၀၀ ကျော်နေထိုင်ကြပြီး ၉ တန်း၊ ၁၀ တန်းစတဲ့ အထက်တန်းကျောင်းတက်မယ့်  ကျောင်းသားတွေ  ရာဂဏန်းလောက်သာရှိတယ်လို့ ကမန်တိုင်းရင်းသားတွေထံက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013