
ပြီးခဲ့တဲ့ မေလအတွင်း ကရင်နီပြည်(ကယားပြည်နယ်)ထဲမှာ တိုက်ပွဲပေါင်း ၆၁ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က ၁၀၇ ယောက်သေဆုံး၊ ၅ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။
မေလအတွင်း ဖရူဆို၊ ဘောလခဲ၊ လွိုင်ကော်နဲ့ ဖယ်ခုံမြို့နယ်တို့မှာ စစ်ကောင်စီက ထိုးစစ်ကို အရှိန်မြှင့်ခဲ့ပြီး ရှမ်း-ကယားနယ်စပ်ဖြစ်တဲ့ မိုးဗြဲနဲ့ လွိုင်ကော်နယ်စပ်တို့အပြင် ဖယ်ခုံအရှေ့ဘက် ကမ်းမှာလည်း နယ်မြေစိုးမိုးနိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
မေ ၁၂ ရက်နေ့မှာ ပြည်သူတွေကို ခြိမ်းခြောက် ငွေညှစ်တာမှာ နာမည်ကြီးတဲ့ ညောင်ရွှေမြို့နယ် ထီရိရွာက အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းကို KNDF နဲ့ ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက် စီးနင်းခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၂၀ သေဆုံး၊ ၅ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်ကြီး လက်နက်ငယ် ၁၂ လက်ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရွာတွေဖြစ်တဲ့ ဆောင်နန်းခဲ၊ နန့်ပုံလုံနဲ့ လွယ်ပေါရွာဘက်က စစ်ကြောင်းတကြောင်းနဲ့ ဆီမီးလော့ရွာဘက်ကို စစ်ကြောင်းတကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး မေ ၁၆ ရက်နေ့မှာ ဆောင်နန်းခဲရွာကို ရွာလုံးကျွတ် မီးရှို့ခံခဲ့ရပါတယ်။
ပြီးတော့ လွယ်ပေါနဲ့ နန့်ပုံလုံရွာတို့မှာလည်း လူနေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ကြပါတယ်။
မေ ၁၈ ရက်မှာတော့ စစ်ကောင်စီတပ်မ ၆၆ ကတပ်သားတယောက်ဟာ လက်နဲ့အတူ KNDF ဆီမှာ လာရောက်ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
ဖယ်ခုံ ပင်လောင်းနယ်စပ်ဖြစ်တဲ့ ပင်ပုံ၊ လွယ်ဟယ်၊ တောင်မဲသင်းရွာ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ PNO တို့ ပူးပေါင်းအင်အားဖြည့်ပြီး ပင်လောင်းမြို့နယ် သသာန်ကူး၊ လွန်းကဲနဲ့ ကထန်းရွာသစ်ရွာ တို့မှာလည်း စစ်ကြောင်းတွေလှုပ်ရှားခဲ့သလို ကက်သလစ်မယ်တော်ဂူကို ဖျက်ဆီးတာ၊ လူနေအိမ်တွေကို ဖောက်ထွင်းတာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆို မြို့နယ်မှာတော့ နန်းမယ်ခုံက ဒေါငံခါးနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပေမယ့် ချောင်းမြောင်းတိုက်ခိုက်ခံကြရလို့ တိုက်ပွဲငယ်တွေ နေ့စဉ်ဖြစ်နေပြီး စစ်ကောင်စီတပ်တွေဟာ တပ်စခန်းတွေနဲ့ ကင်းစခန်းတွေမှာပဲ ပုန်းအောင်းနေကြရသလို လက်နက်ကြီး ပစ်ကူတွေနဲ့ ရမ်းသန်းပစ်ခတ်နေကြတယ်လို့လည်း ဆိုပါတယ်။
ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တို့မှာတော့ စစ်ကောင်စီတပ်တွေရဲ့ ရိက္ခာပို့ကားတွေကို ကရင်နီ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးသလို ကားတွေလည်း ပျက်စီးခဲ့ပါတယ်။