DVB Logo
Home
မြန်မာသတင်း
PDF များအတွက် ကျည် ၇,၀၀၀ ပရောဂျက်တွင် ပါဝင်လှူဒါန်းရန် NUG ဒုဝန်ကြီးနှိုးဆော်
DVB
·
June 3, 2022
PDF များအတွက် ကျည် ၇,၀၀၀ ပရောဂျက်တွင် ပါဝင်လှူဒါန်းရန် NUG ဒုဝန်ကြီးနှိုးဆော်
Donate to DVB

ပြည်သူ့ခုခံစစ်ကာလအတွင်း ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တပ်တွေကို မြေပြင်မှာ တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့ကူညီနိုင်ဖို့ ကျည်ဆန် ၇,၀၀၀ ပရောဂျက်မှာ ပါဝင်လှူဒါန်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုဝန်ကြီး အိသဉ္ဇာမောင်က နှိုးဆော်ထားပါတယ်။

ဒီပရောဂျက်မှာတော့ အချိန် ၇ ရက်အတွင်း ကျည် ၇,၀၀၀ ရအောင် ကောက်ယူနိုင်ဖို့ တရက်ကို ကျည် ၁,၀၀၀ နှုန်းနဲ့ သတ်မှတ်ထားတာဖြစ်ကာ အကြမ်းဖျဉ်း ကျည် ၄ တောင့်စာ တိုကင်လက်မှတ် ၁ စောင်ကို မြန်မာငွေကျပ် ၂၀,၀၀၀ ကနေ တတ်နိုင်သလောက် နည်းများမဆို ပါဝင်ကူညီ နိုင်ဖို့ ဖိတ်ခေါ်ထားတာပါ။

ထောက်ပံ့လိုတယ်ဆိုရင်တော့ m.me/soldiercatmm ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာဖြစ်ကာ မြန်မာနိုင်ငံကဆိုရင် kpay, wavepay တို့က လှူဒါန်းနိုင်သလို နိုင်ငံခြားတိုင်းပြည်တွေကဆိုရင်လည်း အမေရိကန်၊ ယူကေ၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံအနှံ့က ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။

သိပ်မကြာခင်ကလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေး ရဲဘော်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဆွဲကြိုးကို ကံစမ်းဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်ခဲ့ရာမှာ ငွေကျပ်သိန်း ၃၀၀ ကျော် ရန်ပုံငွေ ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေအတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013