DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့နယ်မှ ဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ် အဓမ္မဖမ်းဆီး
DVB
·
June 3, 2022
မြင်းခြံမြို့နယ်မှ ဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ် အဓမ္မဖမ်းဆီး
Donate to DVB

မြင်းခြံမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ကျေးရွာ ၈ ရွာကျော်ကို ဇွန် ၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ နီးပါးနဲ့ တောနင်းခဲ့ပြီး အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံ ၁၂ ယောက်ထက်မနည်းကို အဓမ္မ ဖမ်းဆီးသွားခဲ့ပါတယ်။

မေ ၂၄ ရက်နေ့တည်းက အကြမ်းဖက်စစ်ကောင်စီဟာ မြင်းခြံမြို့အရှေ့ပိုင်းက ရွာတွေကို ညအိပ်တပ်စွဲတာတွေ၊ လှည့်လည်တာတွေကို လုပ်ဆောင်နေခဲ့တာလို့ သိရပါတယ်။

ဇွန် ၁ ရက်နေ့ မနက် ၄ နာရီလောက်မှာတော့ အရပ်သားကား ၇ စီးခန့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရွာသစ်ကျေးရွာကို ရောက်လာပြီး ရွာထိပ်ရှိ လမ်းခွဲကနေ ယုံထိုးကျေးရွာဘက်ကို ကား ၄ စီးခွဲသွားပြီး ပျိုးကန်၊ ကန်စွယ်နဲ့ မီးပေါက်ကျေးရွာတွေဘက်ကို ကား ၃ စီး ဆက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက  "ယုံထိုးရွာဘက်ကိုသွားတဲ့အဖွဲ့က ယုံထိုးဆည်ရဲ့ တောင်ဘက်မှာ တောင်ပုံတို့ ဘလဲ့တို့ ရွာတွေရှိတယ်။ အဲ့တောင်ဘက်မှ ကျောင်းအိုဆိုတာရှိတယ်။ အဲ့ဒီက ပတ်နင်းပြီးတော့ ဒီဘက်ကနေ တဖွဲ့က မီးပေါက်သွားတဲ့လမ်းကနေပြီးတော့ ပိတ်စောင့်တဲ့ ပုံစံမျိုးပေါ့ဗျာ။ လမ်းတွေ့တဲ့ တောလုပ်လုပ်နေတဲ့သူတွေအကုန်လုံးကို တိုက်ပြီးတော့ဖမ်းတာ။ တွေ့တဲ့သူ အကုန်ဖမ်းခေါ်တာ။ ၈၀၊ ၉၀ လောက်တော့ ရှိလိမ့်မယ်" လို့ ပြောပါတယ်။

ယုံထိုးကျေးရွာဘက်ကိုသွားတဲ့ စစ်ကောင်စီအဖွဲ့က ကန်စွယ်၊ ပျိုးကန်နဲ့ မီးပေါက်ရွာတွေဘက်ကို တောနင်းလာပြီး ကျန်တဲ့တဖွဲ့က ပျိုးကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ပေါင်းကာ လမ်းခုလတ် တောအုပ်ကောင်းတဲ့ နေရာတွေကနေ  အသင့်နေရာယူ စောင့်နေခဲ့ပြီး တောနင်းလာတဲ့အဖွဲ့ ရောက်လာချိန်မှာ လမ်းတလျှောက် ဖမ်းဆီးလာတဲ့ ဒေသခံတွေကို မီးပေါက်ရွာမှာရှိတဲ့ အထက်တန်းကျောင်းခွဲဆီကို ခေါ်လာခဲ့ကာ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တောထဲအလုပ်လုပ်နေတဲ့သူတွေကို ဒီတိုင်းဖမ်းခေါ်လာတာ။ တချို့လည်း တောထဲမှာ လှည်းတွေ၊ နွားတွေ ဒီတိုင်းထားခဲ့ပြီး လိုက်လာရတာဗျာ။ လုပ်ရင်းကိုင်ရင်း ဘုမသိဘမသိနဲ့ လိုက်လာကြရတာ။ တချို့လည်း ပြန်လွှတ်မှ တောထဲက လှည်းတွေနွားတွေ ပြန်ယူရတယ်။ မီးပေါက်ရွာက ၅ ယောက်၊ ရွာသစ်ရွာက ၁ ယောက်ပါတယ်၊ ယုံထိုးက ၂ ယောက်၊ တောင်ပုံက ၂ ယောက်ပါတယ်၊ မြေစကောင်းက ၂ ယောက်၊ အဲဒီ ၂ ယောက်က အနာရွတ်တွေပါလို့တဲ့၊ မသင်္ကာလို့ဆိုပြီး ဖမ်းသွားတာ။ အဲ့ဒီလူတွေကတော့ မြို့ပေါ်ကို ဖမ်းခေါ်သွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီအဖွဲ့ဟာ ဖမ်းဆီးခံရသူတွေကို ခေါ်ဆောင်ပြီး မီးပေါက်ရွာကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ တောထဲယာထဲမှာ အလုပ်လုပ်နေရင်း ဖမ်းဆီးခံကြရတာဖြစ်ပြီး အပြစ်မရှိဘဲ ဖမ်းဆီးသွားခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

မြင်းခြံမြို့နယ်အတွင်းမှာ မေ ၂၉ ရက်က အမှတ် ၁၈ ရပ်ကွက်မှ NLD ပါတီဝင် ၁ ဦး ဖမ်းဆီးခံခဲ့ရပြီး မေ ‌၃၀ ရက်ကလည်း ရသာကျေးရွာမှ NLD ပါတီဝင် ၃ ဦး အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ မေ ၂၉ ရက်ကနေ ဇွန် ၂ ရက်နေ့အထိ ၅ ရက်အတွင်း မြင်းခြံမြို့နယ်က ဒေသခံ ၁၆ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013