
၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်မှာ စစ်အာဏာရှင်အစိုးရရဲ့ ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၉ သန်း နီးပါးရှိနေတယ်လို့ စစ်အာဏာရှင်ခန့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောပါတယ်။
ဇွန် ၂၂ ရက် စစ်အာဏာရှင်ဩဇာခံ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှထွေးက လက်ရှိဆောင်ရွက်နေတဲ့ အခွန်စနစ်အရ နိုင်ငံတော်အခွန်ဘဏ္ဍာ ပိုမိုရရှိအောင် ဆောက်ရွက်မဲ့အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့ချိန်မှာ ဖြေကြားသွားတာပါ။
၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ ဇယားအမှတ် ၁၊ ၃၊ ၅၊ ၇၊ ၉၊ ၁၁၊ ၁၃၊ ၁၅၊ ၁၇ တို့အရ စုစုပေါင်းရငွေ ကျပ်သန်း ၄၀,၈၄၃,၃၇၁ ဒသမ ၉၄၉ ဖြစ်ပြီး ဇယားအမှတ် ၂၊ ၄၊ ၆၊ ၈၊ ၁၀၊ ၁၂၊ ၁၄၊ ၁၆၊ ၁၈ တို့အရ စုစုပေါင်းသုံးငွေမှာ ကျပ်သန်းပေါင်း ၄၉,၈၂၈,၆၂၃ ဒသမ ၀၈၃ ဖြစ်တဲ့အတွက် လိုသုံးငွေမှာ ကျပ်သန်း ၈,၉၈၅,၂၅၁ ဒသမ ၁၃၄ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဖော်ပြပါလိုငွေကို ဘယ်လိုအစီအစဉ်နဲ့ ဆောင်ရွက်ပါသလဲ သိချင်ပါတယ်လို့ ဦးအောင်လှထွေးက ဆက်စပ် မေးမြန်းခဲ့တာမှာတော့ ဒီဆက်စပ်မေးခွန်းကို စာနဲ့ရေးသားဖြေဆိုသွားမှာဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောပါတယ်။
လက်ရှိဆောင်ရွက်နေတဲ့ အခွန်စနစ်အရ အခွန်ရရှိမှုအနေနဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရဲ့ အခွန်အကောက်ရငွေ (ပြုပြင်ပြီး) လျာထားချက် ကျပ် ၁၄,၅၅၅ ဘီလီယံအပေါ် ကျပ် ၁၅,၁၇၃ ဘီလီယံ ကောက်ခံရရှိတဲ့အတွက် လျာထားချက်အပေါ် ၁၀၄ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် အခွန်အကောက်ရငွေ (ပြုပြင်ပြီး) လျာထားချက် ကျပ် ၂၂၀ ဘီလီယံအပေါ် ကျပ် ၂၃၃ ဘီလီယံ ကောက်ခံရရှိတဲ့အတွက် ၁၀၅ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုရဲ့ အခွန်အကောက်အတွေအနက် လျာထားချက်အများဆုံး တာဝန်ယူ ကောက်ခံနေရတဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန အနေနဲ့ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ အခွန်အရပ်ရပ်ကောက်ခံဖို့ ပြုပြင်ပြီး လျာထားချက် ကျပ် ၁၃,၄၆၀ ဘီလီယံအပေါ် ကျပ် ၁၄,၀၇၀ ဘီလီယံ ကောက်ခံရရှိခဲ့တဲ့အတွက် ၁၀၅ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့သလို နှစ်အလိုက် ကောက်ခံရရှိတဲ့ အခွန်အကောက်ရငွေမှာလည်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၄,၉၁၂ ဘီလီယံခန့် ရရှိပြီး ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၄,၀၇၀ ဘီလီယံ ကောက်ခံရရှိခဲ့တဲ့အတွက် သုံးဆခန့် တိုးတက်ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီလို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အခွန်အကောက်ရငွေ တိုးတက်လာတဲ့အတွက် ပြည်ထောင်စုရဲ့ စုစုပေါင်း အခွန်အကောက်ရငွေမှာလည်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၅,၄၈၄ ဘီလီယံ ရှိရာကနေ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၅,၁၇၃ ဘီလီယံ ရရှိတဲ့အတွက် သုံးဆခန့် တိုးခဲ့သလို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အခွန်အကောက်ရငွေ ပါဝင်မှုအချိုးမှာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ ၈၉ ရာခိုင်နှုန်း ရရှိခဲ့ရာက ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ၉၂ ရာခိုင်နှုန်းထိ တိုးတက်ကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
အခွန်အကောက်ရငွေ တိုးတက်လာတဲ့အတွက် ပြည်ထောင်စုရဲ့ အခွန်အကောက်ရငွေနဲ့ GDP အချိုးမှာလည်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ ၅ ဒသမ ၀၇ ရာခိုင်နှုန်းသာ ရှိရာကနေ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ၈ ဒသမ ၅၅ ရာခိုင်နှုန်းထိ တိုးတက်ရရှိခဲ့သလို အခု ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်မှာ အခွန်အကောက်ရငွေနဲ့ GDP အချိုး ၉ ဒသမ ၅ ရာခိုင်နှုန်း ရရှိအောင် ရည်မှန်းဆောင်ရွက်နေတယ်လို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။










