DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးကို ထိုင်းရဲ ဖမ်းဆီး၊ လူသတ်မှု သံသယဖြင့် စစ်ဆေးခံနေရ
DVB
·
June 2, 2022
ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးကို ထိုင်းရဲ ဖမ်းဆီး၊ လူသတ်မှု သံသယဖြင့် စစ်ဆေးခံနေရ
Donate to DVB

ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်ကို ထိုင်းနိုင်ငံသား ၂ ယောက်နဲ့အတူ ရဲတွေက ဟက်ရိုင်ခရိုင်ထဲမှာ ဖမ်းဆီးခဲ့ပြီး လတ်တလောမှာတော့ လူသတ်မှု သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ဇွန် ၁ ရက်ညပိုင်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒီနေ့အစောပိုင်းမှာပဲ သူတို့ပုန်းအောင်းရာ နေရာအနီး ဂေါက်ကွင်းတခုဘေးမှာ ခြေ၊ လက်တွေ တုပ်နှောင်ခံထားရကာ သေဆုံးနေတဲ့ အမျိုးသား တယောက်ရဲ့ အလောင်းတွေ့ရှိမှုနဲ့အတူ သူတို့အဖွဲ့ကို သံသယရှိနေပြီး စစ်ဆေးနေတာလို့ ဆိုပါတယ်။

သူတို့အုပ်စု ပုန်းအောင်းရာ အနီးနားတောစပ်ကတော့ နယ်စပ်နဲ့ သိပ်မဝေးဘူးလို့ သတင်းမှာ ဖော်ပြထားပြီး သေဆုံးသူကတော့ အသက် ၄၀ အရွယ် ထိုင်းအမျိုးသား မက်ဒေါဘီဆန် ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသားဟာ ဆောင်ခလာခရိုင် နာမွန်ဒေသ လျှပ်စစ်ဌာနကနေ သစ်ပင် ခုတ်ထွင်ရှင်းလင်းဖို့ စာချုပ်နဲ့ ခေါ်ယူထားတဲ့ ဝန်ထမ်းတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန် ၁ ရက်မနက်ပိုင်းမှာတော့ သူ့ကို လက်ပြန်ကြိုးတုပ်ချုပ်နှောင်လျက်သား အခြေအနေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး ခြေထောက်တွေကိုလည်း တုပ်နှောင်ထားခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဦးခေါင်းကိုလည်း ပြင်းပြင်းထန်ထန် ထိခိုက်ခံထားရပြီး မသေဆုံးခင်မှာ အခင်းဖြစ်တဲ့နေရာအနီး ရုန်းကန်ခဲ့ပုံရတဲ့ သက်သေတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ဆိုင်ကယ်ကိုတော့ သူ့အလောင်းကို တွေ့ရှိတဲ့နေရာနဲ့ မီတာ ၃၀၀ အကွာမှာ ပြန်လည်တွေ့ရှိခဲ့ရပြီး ရဲတွေကတော့ အဆိုပါဧရိယာတဝိုက်က လုံခြုံရေးကင်မရာတွေကတဆင့် သဲလွန်စ ရှာဖွေနေကြပါတယ်။

အဲဒီနေ့ ညပိုင်းမှာတော့ ရဲတွေနဲ့ ဒေသတွင်း တာဝန်ရှိသူတွေဟာ အခင်းဖြစ်တဲ့ ဧရိယာထဲ ဆောင်ခလာလိုင်စင်ပလိတ်ပြားနဲ့ သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစီးနောက်ကို လိုက်ခဲ့ကြချိန်မှာ ယာဉ်မောင်းဖြစ်သူက အရှိန်မထိန်းနိုင်ပဲ အုတ်ဂူတွေ့ရှိတဲ့ နေရာကနေ ၇ ကီလိုမီတာလောက် အကွာ ကန့်ပွန်ကျေးရွာမှာ သစ်ပင်တပင်ကို ဝင်တိုက်မိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါပစ်ကပ်ကားပေါ်မှာတော့ အနီးနား တောအုပ်အတွင်း ပုန်းအောင်းနေတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ယောက်ကို တင်ဆောင်လာခဲ့တာဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပြီး ထိုင်းယာဉ်မောင်း၊ ယာဉ်အကူတို့နဲ့အတူ သူတို့အားလုံးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကို ထိုင်းအမျိုးသား မက်ဒေါ သေဆုံးမှုမှာ ပါဝင်ပတ်သက်ဖွယ်ရှိတဲ့ သံသယနဲ့ ဒီအန်အေ ဆေးစစ်ချက်ရယူထားပြီး နောက်ထပ်လိုအပ်တဲ့ သက်သေတွေကို ထပ်မံပြီးတော့ ရှာဖွေစုံစမ်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Ref- Bangkokpost

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013