
ဂျပန်နိုင်ငံတောင်ပိုင်းမှာ ကန်စွန်းဥမီးဖုတ်တွေ တင်ထားတဲ့ ကားကိုမောင်းသူ သက်ကြီးယာဉ်မောင်း တယောက်ဟာ သူ့ရဲ့ မီးလောင်နေတဲ့ကားကို အနီးဆုံးမီးသတ်စခန်းဆီ မောင်းသွားခဲ့ပြီး ဒေသခံမီးသတ်သမားတွေရဲ့ အခက်အခဲတချို့ကို ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မတ် ၁၂ ရက် ဒေသစံတော်ချိန် ည ၉ နာရီ မိနစ်၅၀ လောက်မှာ ဂျပန်တောင်ပိုင်း ကူမာမိုတိုမြို့ရဲ့ လမ်းတွေပေါ်မှာ မီးလောင်နေတဲ့ ကုန်ကားတစီး မောင်းနေ တယ်ဆိုတဲ့ ဖုန်းခေါ် အကြောင်းကြားတာကို ပထမဆုံးလက်ခံရရှိခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ဒါပေမဲ့ သူတို့ ဘာမှမလုပ်နိုင်မီမှာတင် မီးလောင်နေတဲ့ ကုန်ကားက မီးသတ်စခန်းရှေ့မှာ ရပ်ထားပြီးပါပြီ။
မီးသတ်လုံခြုံရေးအာဏာပိုင်တွေက နောက်ပိုင်းမှာ မီးကိုငြှိမ်းသတ်ခဲ့ပြီး အသက် ၇၀ ကျော်ရှိပုံရတဲ့ ယာဉ်မောင်းတောင် ထိခိုက်ဒဏ်ရာ မရဘူးလို့ ပြောပါတယ်။
မီးသတ်စခန်းဆီ အမြန် မောင်းနေချိန်မှာ မီးလောင်နေတဲ့ ကန်စွန်းဥတွေ ကားပေါ်ကနေ လွင့်စင်ထွက်လာပေမဲ့ မီးမပျံ့နှံ့ခဲ့ဘူးလို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမဲ့ ကုန်တင်ကားရဲ့ ကုန်တင်ကုန်ချလုပ်ချိန်မှာ ထင်းနဲ့ ကင်ထားတဲ့ ကန်စွန်းဥတွေ ပြုတ်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သံသယရှိနေကြပါတယ်။
Source: Reuters










