DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပြည်သူ ၁,၈၇၆ ဦးအားသတ်ဖြတ်ပြီး ၁၃၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ဟု အေအေပီပီ ထုတ်ပြန်
DVB
·
June 1, 2022
စစ်တပ်က ပြည်သူ ၁,၈၇၆ ဦးအားသတ်ဖြတ်ပြီး ၁၃၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ဟု အေအေပီပီ ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၇၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၉၀၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၃၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၀,၈၄၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၈၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၉ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၅၇၀ ထက်မနည်း ရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာ၊ ဘောင့်ဘင်ကျေးရွာ၊ ဘောတုံကျေးရွာနဲ့ သံချောင်းကျေးရွာတို့က ဒေသခံ ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုတပ်က မေ ၂၃ ရက်ဝန်းကျင်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ပြီးနောက် သူတို့ရဲ့ ရုပ်အလောင်းတွေကို မေ ၂၆ ရက်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဒေသခံ ၆ ယောက်ရဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ ၂ ချက်စီ တွေ့ရှိရပြီး ၁ ယောက် ကတော့ ကျောက်ခွက်ကျေးရွာမှ ကိုကျော်ရဲဖြစ်ကြောင်း သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးတောပြင်ကျေးရွာမှာ နေထိုင်တဲ့ စစ်ရှောင်တယောက်ဖြစ်တဲ့ ကိုရန်နိုင်လင်းကို အကြမ်းဖက်စစ်အုပ်စုက မေ ၂၄ ရက်မှာ ဖမ်းဆီးသွားခဲ့ပြီး ၂၆ ရက်မှာတော့ သူ့ရဲ့ ရုပ်အလောင်းကို သနပ်ခါးခြံအတွင်းမှာ တွေ့ရှိရကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013