DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အိမ်ခြံမြေစျေးကွက် အရောင်းအဝယ် ပြန်ဖြစ်လာ
DVB
·
May 31, 2022
ရန်ကုန်အိမ်ခြံမြေစျေးကွက် အရောင်းအဝယ် ပြန်ဖြစ်လာ
1 / 2
Donate to DVB

နှစ်အတန်ကြာ အရောင်းအဝယ်ထိုင်းမှိုင်းခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေစျေးကွက်က လက်ရှိမှာတော့ ကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ အရောင်းအဝယ် ပြန်ဖြစ်လာပြီး စျေးနှုန်းအရလည်း ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကိုဗစ်မတိုင်မီကတည်းက အရောင်းအဝယ်အေးခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေစျေးကွက်ဟာ ကိုဗစ် ကူးစက်ရောဂါရဲ့ သက်ရောက်မှုဒဏ်ကို ခံခဲ့ရတဲ့အပြင် စစ်တပ်အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့်လည်း ပြည်တွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်းတွေကို တစတစနဲ့ ပြန်လည်ထွက်ခွာသွားစေကာ အိမ်ခြံမြေစျေးကွက်အပေါ် သက်ရောက်မှု ကြီးစွာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ နှစ်အတန်ကြာ အရောင်းအဝယ်ထိုင်းမှိုင်းခဲ့တဲ့ ရန်ကုန် အိမ်ခြံမြေစျေးကွက်ဟာ ကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ အရောင်းအဝယ် ပြန်ဖြစ်လာလို့ စျေးကွက် အနည်းငယ်ပြန်လှုပ်လာတဲ့ သဘောတွေ့ရတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “အရောင်းအဝယ်ဖြစ်တဲ့နေရာတွေက စီမံကိန်းဧရိယာတွေ မဟုတ်ဘဲနဲ့ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းက နေရာတွေမှာ အရောင်းအဝယ်ဖြစ်တာ များတယ်။ ဖြစ်တဲ့နေရာတွေမှာ စျေးက အရင်ကထက် ၁၀ ရာခိုင်နှုန်းနီးပါးတောင် တက်သွားတယ်နော်။ အကြောင်းအရင်းက ဘဏ်ကို အယုံအကြည် မရှိတာပါ။ ပြီးတော့ ငွေထွက်လာလို့ရှိရင်လည်း မြေကို ဝယ်ကြတယ်။ နောက်တချက်က ကျပ် သိန်း ၄ သောင်း၊ ၅ သောင်း ဆိုတဲ့ ငွေကြေးမျိုးက ရွှေဝယ်ဖို့ ဆိုတာကလည်း မသင့်တော်ဘူးလေ။ ဒေါ်လာဆိုရင် ပိုဆိုးတာပေါ့။ မြေကို ဝယ်တယ်ဆိုရင် မသိနိုင်ဘူးလေ။ မြေက ရွှေနဲ့ ဒေါ်လာလိုမျိုး သိမ်းရခက်တဲ့ပစ္စည်း မဟုတ်ဘူး။ နောက်ဆုံး နိုင်ငံခြားခရီးပဲ သွားဦး။ နောက် ၅ နှစ်၊ ၁၀ နှစ်ကြာလို့ ပြန်လာရင်လည်း မြေက ကိုယ့်မြေပဲလေ။ အဲဒါကြောင့်မို့ ဝယ်ကြတာဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန် အိမ်ခြံမြေစျေးကွက်မှာ ကျပ်သိန်းသောင်းချီ တန်ဖိုးရှိတဲ့အိမ်ခြံမြေတွေ အရောင်းထွက်လာရတဲ့ အကြောင်းရင်းက စစ်ကောင်စီက ဖြေလျှော့ပေးထားတဲ့ အခွန်စည်းကြပ်မှုနှုန်းနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ထားပါတယ်။

အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးတခုမှာ အကြံပေးဆောင်ရွက်နေတဲ့ စျေးကွက်မန်နေဂျာ တဦးကလည်း “အိမ်ခြံမြေက အခုဆိုရင် အဝယ်ရှိလာလို့ စျေးတောင် နည်းနည်းပါသွားတယ်နော်။ သဘာဝကျကျတွေးကြည့်လို့ရှိရင် ငွေရေးကြေးရေး ကိန်းဂဏန်းကြီးကြီးတွေက သွားစရာ နေရာမရှိဘူး။ သဘောက ကျောက်မျက်တခုခု ရောင်းလို့ အောင်သွားတယ် ဆိုပါတော့။ အဲဒီငွေကို ဘယ်မှာ သွားထည့်မလဲ။ မြေဘဲ ဝယ်စရာရှိတာလေ။ မြေကလည်း အခု အခွန်ဆောင်ရင် အိုခေနေတာ။ ဒီကာလမှာ အကျိုးအမြတ်ရှိတဲ့ သူတွေကလည်း ရှိနေတယ်လေ။ အဲ့လူတွေက မြေကို ဝယ်တာ များတယ်။ အကျိုးအမြတ် မရှိပေမယ့် နဂိုကတည်း ငွေရေးကြေးရေး ပိုင်ဆိုင်မှုရှိတဲ့သူတွေနဲ့ တချို့လည်း ရွှေပိ်ုင်ဆိုင်တဲ့သူတွေက ရွှေကို ပြန်ရောင်းပြီးတော့ မြေကို ပြန်ဝယ်ကြတယ်။ အဲဒီတော့ မြေမှာ လာစု နေကြတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

စစ်ကောင်စီက အခွန်စည်းကြပ်မှုနဲ့ပတ်သတ်ပြီး ထုတ်ပြန်ထားတဲ့ ပြည်ထောင်စုအခွန်အကောက် ဥပဒေအရ ၁ ကျပ် မှ သိန်း ၃ ထောင်အထိကို ၃ ရာခိုင်နှုန်း၊ သိန်း ၃ ထောင်မှ သိန်း ၆ ထောင်အထိကို ၅ ရာခိုင်နှုန်း၊ သိန်း ၆ ထောင်မှ သိန်း ၁ သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၁ သောင်းမှ သိန်း ၃ သောင်းအထိကို ၁၅ ရာခိုင်နှုန်းနဲ့ သိန်း ၃ သောင်းအထက်ကို ၃၀ ရာခိုင်နှုန်း ကျခံရမည်လို့ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013