DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီ သတ်မှတ်ဈေးနှုန်းနှင့် လက်တွေ့မြေပြင်လက်လီစျေးနှုန်း ကွာဟချက် ကြီးမားနေ
DVB
·
May 31, 2022
စားအုန်းဆီ သတ်မှတ်ဈေးနှုန်းနှင့် လက်တွေ့မြေပြင်လက်လီစျေးနှုန်း ကွာဟချက် ကြီးမားနေ
Donate to DVB

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက  ၂၀၂၂ မေ ၃၀ ကနေ ဇွန် ၅ ရက်အထိအတွက်  စားအုန်းဆီ ရန်ကုန်အထိုင် လက်ကားရည်ညွန်းစျေးကို တစ်ပိဿာ ၅၇၂၅ ကျပ်သတ်မှတ် ပေးထားပေမဲ့ လက်လီစျေးကွက်အတွင်းမှာတော့ စားသုံးသူပြည်သူလူထုက ကျပ် ၈၀၀၀ နီးပါးလောက်အထိ ပေး၀ယ်နေရပါတယ်။

“သူတို့သတ်မှတ်တဲ့ လက်ကားစျေးအတိုင်း ဘယ်မှာမှ ၀ယ်မရဘူး။ စာရွက်ပေါ်ကစျေး။ ရည်ညွှန်းစျေးက ၅၀၀၀ကျော်၊ အပြင်စျေးက ၇၀၀၀ အထက်မှာရှိတယ်။ ဒီစျေးနဲ့လဲ မရသလို  လိုသလောက်လဲ ၀ယ်မရဘူး”လို့ စားအုန်းဆီလက်လီ အရောင်းဆိုင် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကော်မတီအနေနဲ့ စားအုန်းဆီကို ကမ္ဘာ့ဈေးနှုန်းအပေါ်မူတည်ပြီး ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းဖြစ်ပေါ်စေဖို့ ထိန်းကျောင်းဆောင်ရွက်နေတယ်လို့ ပြောကြားထားပေမဲ့ စျေးကွက်အတွင်းမှာ စားအုန်းဆီ ရှားပါးမှုဖြစ်ပေါ်ပြီး အခုလို သတ်မှတ်လက်ကားစျေးနှုန်းနဲ့ မြေပြင်လက်လီစျေးနှုန်း ကွာဟချက် ကြီးမားနေတာပါ။

လတ်တလော စျေးကွက်အတွင်းမှာ စားအုန်းဆီ တစ်ပိဿာကို ကျပ် ၇၅၀၀ အထက် ကျပ်၈၀၀၀ နီးပါးပေး၀ယ်နေရ တယ်လို့  လက်လီစျေးကွက်အတွင်းက သိရပါတယ်။ 

“၀ယ်လို့တော့ရသေးတယ်။ ဒါပေမဲ့ စျေးက ၇၅၀၀၊ ၇၆၀၀ ပဲဆီစျေးနဲ့ သိပ်မကွာတော့ဘူး”လို့ ရန်ကုန်မြို့နေ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

အရင်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းစားဆီ လိုအပ်ချက်အတွက် ကမ္ဘာ့စားအုန်းဆီအဓိက ထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံကနေ အဓိကမှာယူတင်သွင်းနေရတာပါ။ 

အဲဒီနိုင်ငံက စားအုန်းဆီ ပြည်ပတင်ပို့ရောင်းချမှုကို ဧပြီလနှောင်းပိုင်းမှာ ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းစားအုန်းဆီစျေးကွက်အပေါ် လက်ရှိအချိန်ထိ ရိုက်ခတ်မှု ရှိနေတာ ဖြစ်ပါတယ်။

အခုလို နိုင်ငံတကာစာသုံးဆီ ရောင်းလိုအားနည်းလာတာကြောင့် ပြည်တွင်းစျေးနှုန်းအပေါ် သက်ရောက်မှု လျော့ကျစေဖို့ ရည်ရွယ်ချက်နဲ့  ကုန်သွယ်ရေးဦးစီးဌာနက  ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စားဆီတို့ကို ပို့ကုန်လိုင်စင် လျောက်ထားဖို့လိုတဲ့ ကုန်စည်တွေအဖြစ် သတ်မှတ်လိုက်ပြီး တင်ပို့မှုကို ကန့်သတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လပိုင်းကလည်း စားအုန်းဆီတစ်ပိဿာကို ကျပ် ၈၀၀၀ ၀န်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ၀ယ်ရခက်တဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ 

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမဲ့ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဥ်ထုတ်ပြန်ပေးနေပြီး   ဈေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ စစ်ဆေးတွေ့ရှိရင်  အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့သတိပေးထားပါတယ်။ 

ပြီးခဲ့တဲ့ သီးတင်းပတ်က  ရန်ကုန်အထိုင် လက်ကားရည်ညွှန်းစျေး တစ်ပိဿာ ကို ၅၅၀၀ ကျပ် သတ်မှတ်ခဲ့ပြီးတော့ အခုတစ်ပတ်မှာ ၅၇၂၅ ကျပ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်  ကော်မတီရဲ့ လက်ကားရည်ညွှန်းစျေး သတ်မှတ်ချက်က တစ်ပိဿာကို၂၂၅ ကျပ် မြင့်တက်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013