
မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ PDF တွေကို မထောက်ပံ့ကြဖို့နဲ့ ထောက်ပံ့ပါက ဆွေစဉ်မျိုးဆက်အရေးယူမယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေကို စစ်ကောင်စီ ထွေအုပ်ရုံးမှာ အစည်းအဝေးခေါ်ယူ ခြိမ်းခြောက်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စုနဲ့ တောင်သာမြို့နယ်တွေမှာ ထွေအုပ်တွေက အစည်းအဝေးတွေ ခေါ်ယူပြီး သတိပေး ပြောဆိုနေတာလို့ သိရပါတယ်။
တောင်သာမြို့ခံတစ်ဦးက"အစည်းအဝေးတက်ရတဲ့ကိစ္စမှာကျတော့ ကြိုတင်ဖိတ်ကြားတာ မဟုတ်ဖူး၊ သူတို့ ရုတ်တရက်ဆွဲပြီးတော့ ဒီစီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ ကြိုတင်ခေါ်တာလို့ကြားတယ်ဗျ။ ကျန်တဲ့တက်ရောက်တဲ့လူတွေကကျ အဲ့ဒီမြို့၊ ဈေးကြီးလာတဲ့သူ လမ်းသွားလမ်းလာပေါ့၊ အဲ့ဒီ ထွေအုပ်နဲ့ နီးစပ်ရာတွေပေါ့ ၊အဲ့ဒါကို သူတို့ မတက်မနေရ တွေ့တဲ့အိမ်ပေါ့၊ တိုက်ရိုက်ဆွဲခေါ်ပြီးတော့ အစည်းအဝေးက ရုတ်တရက်လုပ်လိုက်တဲ့သဘောပေါ့၊ သူတို့စိတ်ထဲမှာ ဖိအားပေးတယ်။"လို့ ပြောပါတယ်။
မြို့နယ်အတွင်းမှာရော မြို့နယ်ပြင်ပက PDF တွေကိုပါ မထောက်ပံ့ကြဖို့နဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပါက တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ အဖြစ်ဖွဲ့စည်းထားတဲ့ စစ်ဗိုလ်တွေက မေလ ၃၁ ရက် တောင်သာမြို့က အစည်းအဝေးပွဲမှာ သတိပေးပြောဆိုနေတယ်လို့လည်း တောင်သူမြို့ခံပြည်သူတွေကပြောပါတယ်။
တောင်သာမြို့ခံတစ်ဦးက"ကျနော်တို့ ဒေသခံတွေအနေနဲ့ကတော့ ဒါ သူတို့ရဲ့ အာဏာပေါ့လေ။ လက်ရှိအာဏာသိမ်းထားတဲ့နောက်ပိုင်းမှာ သူတို့ကျင့်သုံးနေတဲ့ အာဏာရှင်စနစ်ကို ပြည့်ပြည့်ဝဝ အသုံးချပြီးတော့ လူတွေရဲ့အပေါ် အခွင့်အရေးပိတ်ပင်တယ်ပေါ့ဗျာ" လို့ ပြောပါတယ်။
တောင်သာမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး မြို့ပေါ် ၆ ရပ်ကွက်ကို ညစဉ်ကင်းလှည့်နေသလို မြို့နယ်ထွေအုပ်ရုံးက ကားတွေကို အသုံးပြုပြီး ကင်းလှည့်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ရှောက်ပင်ရိုးအုပ်စုအတွင်းမှာလည်း ဖိတ်စာနဲ့ အစည်းအဝေးခေါ်ယူနေပြီး စစ်ကောင်စီရဲ့ သတိပေးချက်ကို လိုက်နာမှုမရှိပဲ PDF တွေကို ပါဝင်ပတ်သက်မှု၊ ထောက်ပံ့ကူညီမှုတွေလုပ်ပါက အကြမ်းဖက်ဥပဒေအရ ထိရောက်စွာအရေးယူမယ်လို့ သတိပေးထားပါတယ်။