
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံမှာ ကန်ရေပြည့်အမှတ်ကို ရောက်ရှိဖို့ ၁ ပေခွဲလောက်သာ လိုတော့လို့ ရေပိုရေလွှဲ တံခါးတွေကို ဖွင့်ချထားရပြီး တမံအနီးရှိ ကျေးရွာတချို့ကို အရေးပေါ်ပြောင်းရွှေ့ကြဖို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) က နှိုးဆော်လိုက်ပါတယ်။
ဩဂုတ် ၃ ရက် ညပိုင်းကစတင်ကာ ရေပိုရေလွှဲ တံခါးတွေကို ဖွင့်ချခဲ့တာဖြစ်ပြီး ရေတွေ ကျော်လွန် ဝင်ရောက်လာလို့ ရေဘေးကြုံနိုင်ခြေရှိတဲ့ ပုဂံစု၊ ရေချောင်း၊ သပြေချောင်နဲ့ အင်းသကား ကျေးရွာတွေက ပြည်သူတွေ အမြန်ဆုံး ကုန်းမြင့်ပိုင်းသို့ အရေးပေါ် ပြောင်းရွှေ့ကြဖို့ နှိုးဆော် သတိပေးထားပါတယ်။
မတ္တရာမြို့ခံတယောက်က “မိုးရေများတာပါ။ မိုးရေများတော့ မြစ်ရေကလည်း တချက်များတဲ့ အခါကျတော့ ရေကိုမနိုင်တော့ နည်းနည်းလွှတ်ပေးတဲ့သဘောဗျ။ တမံအနီးတဝိုက်က ရွာလေးတွေကတော့ ခဏတဖြုတ်တော့ ရှောင်ပေးရမှာပေါ့။ ခါတိုင်းဆိုရင်လည်း ၄ နှစ်တကြိမ် ကြုံနေကြပါ။ မတ္တရာမြို့ပေါ်ထိ ရေမရောက်ပါဘူး။ အရင်ရေကြီးတုန်းကလည်း မတ္တရာရဲ့ မြောက်နားလေးက တံငါတံတားလေ တံငါရွာပေါ့ အဲ့ရွာရဲ့ ကားလမ်းထိ ရေတက်ဖူးခဲ့တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ တံငါတံတားရဲ့ ရေအမှတ်မှာ ၉၅ ဒသမ ၆ ကို ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေကာ နောက်ထပ် ရေ ၃ ပေခန့် ထပ်မံတိုးလာပါက ကားလမ်းရေကျော်နိုင်တယ်လို့ သိရပါတယ်။
ဆည်တော်ကြီး ရေလှောင်တမံရဲ့ ကန်ရေပြည့်အမှတ်မှာ ၄၁၉ ဒသမ ၅ ပေ (ရေလှောင်ပမာဏ ဧကပေ ၃၆၃,၀၀၀) ဖြစ်ပြီး လက်ရှိတမံ ရေအမှတ်မှာ ၄၁၈ ပေ ရောက်ရှိနေကာ ကန်အတွင်း ရေဝင်ရောက်မှု ၅,၃၀၇ ဧကပေ ရှိပါတယ်။
ဆည်တော်ကြီး ရေလှောင်တမံဟာ ရေပိုလွှဲတံခါး ၇ ပေါက်ရှိတဲ့အနက် တံခါးဘယ်နှပေါက် ဖွင့်ထုတ်လိုက်တယ်ဆိုတာ မသိရသေးပါဘူး။
မောရစ်










