မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို တို့ဟာ မတ် ၂၆ ရက်က ပြုံယမ်းမှာ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ချစ်ကြည်ရေးစာချုပ် တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KRT ရုပ်သံက မတ် ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက လက်ဆွဲနှုတ်ဆက်ကာ ဓာတ်ပုံရိုက်ခဲ့ကြပြီးနောက် အရာရှိတွေပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်ခဲ့ကြပါတယ်။
နှစ်နိုင်ငံရဲ့ သံတမန်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနဲ့ ပြည်သူ့ကျန်းမာရေး အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
ရုပ်သံမှတ်တမ်းတွေအရ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်တွေကို အပြန်အလှန် လဲလှယ်ချိန်မှာ ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက ဘေးကနေ ဝန်းရံပေးနေတာကိုလည်း ပြသထားပါတယ်။
ဂုဏ်ပြုညစာစားပွဲမှာ ကင်မ်ဂျုံအန်းက “သမ္မတ လူကာရှန်ကိုရဲ့ အခုခရီးစဉ်ဟာ ၂ နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း ဘယ်လာရုစ်သမ္မတ တယောက်ရဲ့ ပထမဆုံး နိုင်ငံအဆင့်ခရီးစဉ်ဖြစ်လို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့အတွက် အရေးကြီးတယ်” လို့ ပြောကြားခဲ့ပါတယ်။
လူကာရှန်ကိုကလည်း နှစ်နိုင်ငံဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပြီး နိုင်ငံတကာရေးရာတွေမှာလည်း အမြင်ချင်း တူညီကြတယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
အခုတွေ့ဆုံတဲ့ ခေါင်းဆောင် ၂ ယောက်လုံးဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရသူတွေဖြစ်ပြီး ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ၄ နှစ်တာ စစ်ပွဲအတွင်းမှာ သမ္မတပူတင်ကို အဓိက ထောက်ခံအားပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနဲ့အတူ တိုက်ခိုက်ဖို့ စစ်သည်အင်အား ၁၄,၀၀၀ လောက် စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ဆိုပါတယ်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုဟာ ၂၀၂၂ ခုနှစ် ရုရှားရဲ့ ကျူးကျော်စစ်အတွက် ဘယ်လာရုစ်နယ်မြေကို အသုံးပြုခွင့်ပေးခဲ့သလို NATO အဖွဲ့ဝင် ၃ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ သူ့နိုင်ငံထဲမှာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယားဒုံးကျည်တွေ ထားရှိဖို့လည်း သဘောတူထားခဲ့ပါတယ်။
Source: Reuters










