DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ဟု NUG ထုတ်ပြန်
DVB
·
May 31, 2022
စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ဟု  NUG ထုတ်ပြန်
Donate to DVB

ကေအန်ယူ တပ်မဟာ ၆ တည်ရှိရာ ဒူးပလာယာခရိုင်၊ တောင်ပိုင်းစစ်ဒေသမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့ တွေဟာ ခုခံတွန်းလှန်စစ်ပွဲတွေဆင်နွှဲခဲ့ကြရာမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက် လေးကေ့ကော်တိုက်ပွဲကစတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုနဲ့ လက်နက် အမြောက်အများကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

သိပ်မကြာခင်က သေ့ဘောဘိုးစခန်းအား သိမ်းယူနိုင်ခဲ့တဲ့ KNU/KNLA၊ KNDO၊ PDF နဲ့ တခြားမဟာမိတ်အင်အားစုတွေ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဆီ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာထဲမှာ ခုလိုဖော်ပြလိုက်တာ ဖြစ်ပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့ဟာ တိုက်ပွဲတွေအတွင်း ပြီးခဲ့တဲ့ မေ ၁၈ ရက်မှာ ရန်သူ့ဘက်က အနှစ် ၃၀ ကျော် သိမ်းပိုက်ထားခဲ့တဲ့ သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့နိုင်ရုံမက ရန်သူလက်နက်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၇,၀၀၀ ကျော်ကိုပါ လက်ရသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံး၊ ၄ ဦးအရှင်ဖမ်းဆီးရမိ၊ ၂ ဦး မြေမြှုပ်မိုင်းနင်းမိခဲ့ကာ လက်နက် ကျည်ဆန်အကြီးအငယ် အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNLA ဘက်က ပြောပါ တယ်။

တိုက်ပွဲမှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ လာရောက်ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ KNLA ဘက်ကလည်း တပ်သား ၂ ယောက် ကျဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပြီး အချိန် တနှစ်နီးပါးအကြာ ပြည်သူ့ခုခံတော်လှန်စစ်အတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က စစ်ကောင်စီတပ်သား ၁၄,၈၉၀ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် ကတော့ ၄,၈၁၄ ယောက်ထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ်၊ မေ ၁၇ ရက်အထိ စုဆောင်းရရှိထားသော အချက်အလက်တွေအရ ထုတ်ပြန်ထားတာဖြစ်ပြီး မြေပြင်အခြေအနေမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုဟာ ခုအရေအတွက်ထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013